ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFAရဲ့ အကြီးအကဲဟောင်း တဦး ဖြစ်သူ ယူဗက် လာတာမီက ယမန်နေ့မှာပဲ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ စွဲချက်တင်မှုကို ခံခဲ့ရတဲ့ မန်ချက်စတာ စီးတီးဟာ ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေး လှုပ်ရှားမှုတွေကို ၄နှစ်ကြာ စောင့်ကြည့် လေ့လာအပြီးမှာ ယမန်နေ့မှာပဲ ၂၀၀၉ခုနှစ် ကနေ ၂၀၁၈ခုနှစ် အတွင်း ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု ၁၀၀ကျော် လုပ်ခဲ့တယ် ဆိုတဲ့ သက်သေတွေနဲ့အတူ မန်ချက်စတာ စီးတီးကို စွဲချက်တင်ခဲ့ပါတယ်။

Photo Credit: Telegraph

ပရီးမီးယားလိဂ်ရဲ့ တရားဝင် ထုတ်ပြန် ကြေညာချက်ထဲမှာ မန်ချက်စတာ စီးတီးဟာ ၂၀၀၉ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ ၁၀စုနှစ် တစုကြာ စပွန်ဆာအတုတွေ ပြုလုပ်ခဲ့မှု ၊ ပရီးမီးယားလိဂ်ဆီ တင်ပြခဲ့တဲ့ ငွေကြေး စာရွက်စာတမ်းတွေ အတုပြုလုပ်မှု စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြောင်းနဲ့ မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကို စစ်ဆေးဖို့ လွတ်လပ်တဲ့ စုံခုံအဖွဲ့ ဖွဲ့စည်းရန် စီစဉ်နေကြောင်းတို့ ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာလည်း ဥရောပ ဘောလုံးအဖွဲ့ချုပ် ဖြစ်တဲ့ UEFAက မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးခဲ့ဖူးပြီး အဆိုပါအချိန်တုန်းက မန်ချက်စတာ စီးတီးဟာ UEFAရဲ့ ပြစ်ဒဏ်ချမှတ်မှုကို ခံခဲ့ရပေမယ့် အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးဆီ အယူခံဝင်ခဲ့ရာမှာတော့ အယူခံ အောင်မြင်ခဲ့တာကြောင့် ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှု အတွက် အပြစ်ပေးမခံခဲ့ရပါဘူး။

Photo Credit: Telegraph

ဒါပေမယ့် ပရီးမီးယားလိဂ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရ မန်ချက်စတာ စီးတီးဟာ ဒီတကြိမ်မှာတော့ အပြည်ပြည်ဆိုင်ရာ အားကစားခုံရုံးဆီ အယူခံဝင်လို့ ရတော့မှာ မဟုတ်ပဲ မန်ချက်စတာ စီးတီးရဲ့ အမှုကို ကိုင်တွယ်ခဲ့တဲ့ UEFA အရာရှိဟောင်း ယူဗက်ကတော့ မန်ချက်စတာ စီးတီးရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေ အတွက် တိကျတဲ့ သက်သေတွေ ရှိတာကြောင့် ဒီတကြိမ်မှာတော့ မန်ချက်စတာ စီးတီးဟာ အပြစ်ပေးခံရမှု ကနေ လွတ်မြောက်တော့မှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

ယူဗက်က – “ကျွန်တော်တို့မှာ စီးတီးနဲ့ ပတ်သတ်ပြီး တိကျခိုင်လုံတဲ့ သက်သေတွေ ရှိပါတယ်။ ကျွန်တော်ကတော့ စီးတီးဟာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို လက်တလုံးခြား လိမ်လည်ခဲ့တယ်လို့ တထစ်ချ ယုံကြည်ထားပါတယ်။ စီးတီးက ရှေ့နေပေါင်း သောင်းခြောက်ထောင်ကို ငှားပြီးတော့ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို အနိုင်ကျင့်ခဲ့တာပါ။ ဒါပေမယ့် အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ စုံစမ်း စစ်ဆေးမှုက ကျွန်တော်တို့ထက် အများကြီး ပိုကျယ်ပြန့်တာကြောင့် ဒီတကြိမ်တော့ သူတို့တွေ အရှုံးပေးရပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။