မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်လေး ဆယ်ကျော်သက် နောက်ခံလူ လန်နီ ယိုရိုဟာ အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်းမှာပဲ အသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲစဥ်ကို ပါဝင်ကစားခဲ့ရင်း အသင်းပရိသတ်တွေ နှစ်သက် သဘောကျသွားရလောက်တဲ့အထိ ခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပါတယ်။

လိုင်လီအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို (၆၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အသက် (၁၈)နှစ်အရွယ် ဗဟိုခံစစ်မှူးလေး ယိုရိုဟာ ယူနိုက်တက်ရဲ့ ဒုတိယမြောက် ရာသီကြို ခြေစမ်းပွဲစဥ်ဖြစ်တဲ့ ရိန်းဂျားစ်နဲ့ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ပွဲဦးထွက် ပါဝင်လာခဲ့ရပြီး ပထမပိုင်း တစ်ပိုင်းလုံး ကစားသွားခဲ့ရပါတယ်။

Photo Credit : Stretty News

အရည်အသွေးမြင့် ခံစစ်ကစားသမားလေး ဖြစ်ပေမယ့်လည်း အသင်းနဲ့ လေ့ကျင့်ခန်း တစ်ကြိမ်သာ ရှိထားသေးတဲ့ ယိုရိုဟာ သူရဲ့ ယူနိုက်တက် ကစားသမားဘဝ (၄၅)မိနစ် ဝန်းကျင်စာ ပွဲဦးထွက်မှာ အဆင်ပြေပြေ ကစားပြသွားနိုင်ခဲ့ပြီး သူ့အသင်းဖော်တွေ အားလုံးထက် ဘောလုံးပေးပို့မှုတွေကို ပိုမို လုပ်ဆောင်နိုင်ခဲ့သလို အဲ့ဒီ ပေးပို့မှုတွေဟာလည်း (၉၂)%အထိတောင် တိကျမှု ရှိခဲ့ရပါတယ်။

ဒီလို ဘောလုံးဖြန့်ဝေမှုတွေကိုသာမကပဲ ပွဲကစားချိန် (၂၃)မိနစ်မှာလည်း ရိန်းဂျားစ် တိုက်စစ်ကစားသမားရဲ့ ထိုးဖောက်မှုကိုပါ ဖျက်ထုတ်နိုင်ခဲ့တာက ယူနိုက်တက် ပရိသတ်တွေကို အတော်လေး သဘောတွေ့စေရပါတယ်။ ဒါ့အပြင် ယိုရိုဟာ ဘောလုံးထိချက်ပေါင်း (၅၁)ကြိမ်အထိ ရှိခဲ့ပြီး long ball ပေးပို့မှုမှာလည်း (၇)ကြိမ် ပြုလုပ်ခဲ့ရာ (၄)ကြိမ် အောင်မြင်မှု ရှိခဲ့သလို final third zone ထဲကိုလည်း (၃)ကြိမ်အထိ ဘောလုံးပေးပို့နိုင်ခဲ့ပါသေးတယ်။

Photo Credit : Sporting News

ဒီလို စွမ်းဆောင်ရည်တွေကြောင့် ယိုရိုကို ယူနိုက်တက်ပရိသတ်တွေက အတော်လေး သဘောကျခဲ့ရပြီး “ဖာဒီနန်လက်သစ် ကစားသမားလေး” လို့ တင်စားခေါ်ဆိုခဲ့ကြသလို ဒီလို ခံစစ်ကစားသမားနဲ့သာဆိုရင် ပရီးမီးယားလိဂ် ချန်ပီယံ ပြန်ဖြစ်ပြီလို့လည်း ကြွေးကြော် ပြောဆိုထားကြပါသေးတယ်။ ဒါ့အပြင် ယူနိုက်တက်အသင်းရဲ့ အဓိက နောက်ခံကစားသမား လီဆန်ဒရို မာတီနက်ဇ်နဲ့သာ တွဲဖက်ကစားမယ်ဆိုရင် ယူနိုက်တက် ခံစစ်ပိုင်းက အရမ်းကို ကျစ်လစ်သွားလိမ့်မယ်လို့လည်း ပြောဆိုနေကြပါတယ်။

ယိုရိုကတော့ ယူနိုက်တက်အသင်းနဲ့အတူ ရာသီကြို အမေရိကန် ခြေစမ်းပွဲ ခရီးစဥ်ကိုပါ လိုက်ပါသွားရမှာဖြစ်ပြီး အဲ့ဒီမှာတော​့ ယူနိုက်တက်က ဘက်တစ် အာဆင်နယ် လီဗာပူးလ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ဆက်တိုက် ယှဥ်ပြိုင်သွားရမှာ ဖြစ်တာကြောင့် ယိုရိုရဲ့ ခြေစွမ်းအမှန်ကိုလည်း ပိုမို မြင်တွေ့လာရဖို့ ရှိနေသလို နောက်ထပ် ယူနိုက်တက် ကစားသမားသစ်ဖြစ်တဲ့ ဂျိုရှုအာ ဇက်ခ်ဇီလည်း အသင်းနဲ့ စတင် ပူးပေါင်းလာဖွယ် ရှိနေပါတယ်။