မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နည်းပြရူဘင် အာမိုရင်လက်အောက်မှာ အစသစ်တစ်ခု စတင်ဖို့ ကြိုးစားနေချိန်မှာပဲ、အသင်းရဲ့ လူငယ်နောက်ခံလူ လန်နီ ယိုရိုက ပြီးခဲ့တဲ့ရာသီအတွက် လက်စားချေဖို့ အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြင်းထန်တဲ့ သတိပေးစကား ပြောကြားလိုက်ပါတယ်။

ပြင်သစ်နောက်ခံလူလေးက ယူနိုက်တက်အသင်းကို ထပ်မံကျရှုံးစေချင်တဲ့သူတွေ ရှိနေတာကို သိပေမယ့် အသင်းအနေနဲ့ အပြင်ဘက်က ဝေဖန်သံတွေနဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ဂရုစိုက်မှာမဟုတ်ဘဲ အာရုံစိုက်ကစားသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နှစ်ပေါင်း(၅၀)ကျော်အတွင်း အဆိုးရွားဆုံး ရာသီတစ်ခုကနေ ပြန်လည်ရုန်းထွက်ဖို့ ကြိုးစားနေတာဖြစ်ပြီး အမေရိကန်မှာ ကျင်းပခဲ့တဲ့ Premier League Summer Series ဖလားကို ရယူကာ တနင်္လာနေ့က မန်ချက်စတာမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ယိုရိုက “မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ကစားတဲ့အခါ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့ လုပ်ခဲ့တာတွေက အမှားတစ်ခုလို့ ကျွန်တော်ထင်တယ်။ မန်ချက်စတာ ယူနိုက်တက်လို အသင်းတစ်သင်းက ဒီလိုနေရာမျိုးမှာ ရှိနေလို့မရဘူး။ ဒါကို ပရိသတ်တွေလည်းသိတယ် လူတိုင်းသိတယ်။ ဒါကို ကျွန်တော်တို့ နားလည်ပါတယ်။ ဒီရာသီကတော့ ကျွန်တော်တို့အတွက် ကွဲပြားခြားနားသွားလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီအတွက် လက်စားချေပွဲလို ဖြစ်လာမှာပါ။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ပြရမယ်။”

“စိတ်ပိုင်းဆိုင်ရာအရ လူတိုင်း အသင့်ဖြစ်နေကြပါပြီ။ ပြင်ဆင်ဖို့ ဖီအိုရင်တီးနားနဲ့ တစ်ပွဲကျန်သေးတယ်။ ဒါပေမဲ့ အသင်းရဲ့စိတ်ဓာတ်က ပထမဆုံးပွဲစဉ်အတွက် အသင့်ဖြစ်နေဖို့ ရာသီတစ်ခုလုံးအတွက် အသင့်ဖြစ်နေဖို့ပါပဲ။ ကျွန်တော်တို့ ဒါအတွက် လေ့ကျင့်နေတာဖြစ်ပြီး အဖွင့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : FotMob

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာနဲ့ ရာသီသိမ်းခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ရဲ့ အခက်အခဲတွေအပေါ် ပျော်ရွှင်ခဲ့ကြတဲ့ ဝေဖန်သူတွေကြောင့်လည်း အသင်းရဲ့ အောင်မြင်လိုစိတ်က ပိုမိုပြင်းထန်နေပါတယ်။”ကျွန်တော်တို့က ကလပ်အသင်းကြီးပါ။ ကျွန်တော်တို့ကို ကျရှုံးစေချင်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို ကောင်းစေချင်တဲ့သူတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့က ပရိသတ်တွေကိုပဲ အာရုံစိုက်ပါတယ်။ အပြင်ကလူတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး။”

“ပြီးခဲ့တဲ့နှစ်က လူတိုင်းက ကျွန်တော်တို့အကြောင်း အဓိပ္ပာယ်မရှိတာတွေ ပြောခဲ့ကြတယ်။ ကျွန်တော် နားလည်ပါတယ်။၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တကယ်မကောင်းခဲ့လို့ပါ။ ဒါပေမဲ့ ဒီရာသီကတော့ ကွဲပြားသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီစကားတွေကို နားထောင်မနေဘဲ ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ဖို့ လိုပါတယ်” လို့ ယိုရိုက ဆိုပါတယ်။