ဘာစီလိုနာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်း အလက်ဆစ် ဆန်းချက်ဇ်ဟာ ဆီဗီလာအသင်းထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ရောက်ရှိလာပြီးနောက်မှာတော့ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့်လေး လာမင်း ယာမယ်လ်က ဒီအပြောင်းအရွှေ့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပြီး ဘောလုံးလောကရဲ့ “လှပတဲ့အရာတစ်ခု” အဖြစ် ညွှန်းဆိုပြောကြားလိုက်ပါတယ်။

ဘာစီလိုနာကြယ်ပွင့်ဟောင်း ဆန်းချက်ဇ်ဟာ လာလီဂါကနေ (၁၁)နှစ်ကြာ ထွက်ခွာခဲ့ပြီးနောက် အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ဆီဗီလာအသင်းထံ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ လူငယ်တိုက်စစ်မှူး ယာမယ်လ်က ဆန်းချက်ဇ်ရဲ့ ပြန်လာခြင်းကို ရည်ညွှန်းပြီး အပြောင်းအရွှေ့ကာလရဲ့ အကောင်းမြင်ဘက်ကို အခုလို ထုတ်ဖော်ပြောကြားခဲ့တာပါ။

Photo Credit : RedGol

RTVE သတင်းဌာနနဲ့ အင်တာဗျူးမှာ အပြောင်းအရွှေ့ကာလနဲ့ ပတ်သက်ပြီး ယာမယ်လ်က “ကျွန်တော် အပြောင်းအရွှေ့ကာလကို အမြဲတမ်း သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ အခု အလက်ဆစ် ဆန်းချက်ဇ် ဆီဗီလာကို ပြောင်းသွားသလိုမျိုး ထူးဆန်းပြီး မမျှော်လင့်ထားတဲ့ နောက်ဆုံးမိနစ် အပြောင်းအရွှေ့တွေ ဖြစ်လာတတ်လို့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

“ဒီလို အပြောင်းအရွှေ့မျိုးတွေကို ကျွန်တော်ကြိုက်တယ်။ ဒါက ဘောလုံးလောကရဲ့ လှပတဲ့အရာတစ်ခုပါပဲ။ ဒီလိုအရာတွေ ဖြစ်လာတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းက ကစားသမားတွေအားလုံး အသင်းမှာပဲ ဆက်ရှိနေပြီး ဘယ်သူမှ မထွက်သွားသရွေ့တော့ ကျွန်တော် ပျော်နေမှာပါ။” လို့ သူက အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။

Photo Credit : TNT Sport

ဆန်းချက်ဇ်ဟာ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကမ့်ပနူးကွင်းမှာ (၃)နှစ်ကြာ ကစားခဲ့စဉ်ကတည်းက နာမည်ကျော်ကြားလာခဲ့သူဖြစ်ပြီး ဘာစီလိုနာနဲ့အတူ ဆုဖလား (၆)ခုရယူကာ (၁၄၁)ပွဲမှာ (၄၇)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ပိုင်ဆိုင်ခဲ့တယ်လို့ ဆိုနိုင်တဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ ချီလီတိုက်စစ်မှူးဟာ အာဆင်နယ်အတွက် သုံးရာသီခွဲအတွင်း (၁၆၆)ပွဲသာကစားပြီး ဂိုး(၈၀)အထိ သွင်းယူပြခဲ့ပါတယ်။

ဒါပေမဲ့ မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ချိန်ကစပြီး သူ့ရဲ့ကစားသမားဘဝဟာ စတင်ကျဆင်းလာခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ (၁၈)လကြာ ကစားခဲ့ရာမှာ (၄၅)ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းနှစ်တွေမှာတော့ သူဟာ အင်တာမီလန် မာဆေးလ်နဲ့ အူဒီးနီးစ်အသင်းတွေမှာ ကျင်လည်ခဲ့ပါတယ်။

ဒီနှစ်ထဲမှာ အသက် (၃၇)နှစ်ပြည့်တော့မယ့် ချီလီလက်ရွေးစင်အတွက် ဆီဗီလာအသင်းဆီ ပြောင်းရွှေ့မှုဟာ ဥရောပရဲ့ ထိပ်တန်းလိဂ် (၅)ခုက သူ့ရဲ့နောက်ဆုံးခရီး ဖြစ်လာနိုင်ပါတယ်။ သူဟာ သူ့ရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ လာမယ့် အောက်တိုဘာလ (၅)ရက်နေ့မှာ ရာမွန် ဆန်းချက်ဇ် ပစ်ဝမ်ကွင်းကြီးမှာ ထိပ်တိုက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။