ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် လူငယ် ကြယ်ပွင့်ကစားသမားလေး လာမိုင်း ယာမယ်လ်က အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့က သူရဲ့ စိတ်ကူးအိမ်မက်တစ်ခုပဲလို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိမှာတော့ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ဆီကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး ကွာတားမှာတော့ ပြင်သစ်လီဂူးရဲ့ အင်အားကြီး ကလပ်အသင်း ပီအက်စ်ဂျီနဲ့ တွေ့ဆုံမှာပဲ ဖြစ်ပါတယ်။

Photo Credit : Clutch Points

ဘာစီလိုနာက ချန်ပီယံလိဂ် (၁၆)သင်းအဆင့်မှာ နာပိုလီအသင်းကို နှစ်ကျော့ပေါင်းရလဒ် (4-2) နဲ့ အနိုင်ယူ ကျော်ဖြတ်ထားခဲ့ပြီး ကွာတားမှာ ပီအက်စ်ဂျီနဲ့ တွေ့ဆုံနေရသလို တကယ်လို့ ပီအက်စ်ဂျီကို ကျော်ဖြတ်နိုင်တော့ ဆီမီးမှာ အသက်လက်တီကို ဒါမှမဟုတ် ဒေါ့မွန်နဲ့ ဆုံတွေ့ရမှာပဲ ဖြစ်ပါတယ်။

ဒီလို အခြေအနေမှာ ဘာစီလိုနာအတွက် ချန်ပီယံလိဂ် လမ်းကြောင်းက အနည်းငယ်လေး ချောင်တယ်လို့ ပြောရနိုင်တဲ့ အခြေအနေမှာ ရှိနေသလို အသင်းရဲ့ လူငယ် ကစားသမားလေး ယာမယ်လ်ကလည်း ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်ရဖို့အတွက် စိတ်ကူးထားနေပါတယ်။

Photo Credit : Youtube

“ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်ရမယ်ဆိုရင် ဒါက အိမ်မက်တစ်ခုလို ဖြစ်သွားရမှာပါ။ အသင်းကလည်း ဒါကို လုပ်ဆောင်သွားဖို့အတွက် စိတ်လှုပ်ရှားနေကြပါတယ်။ လာမယ့်နှစ်တွေမှာ အနာဂတ်က ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဘာစီလိုနာနဲ့ ဆုဖလားတွေ အမြောက်အများ ရယူသွားချင်ပါတယ်။”

“အခု ကျွန်တော် လုပ်ဆောင်နေသမျှက စံချိန်မှတ်တမ်းတွေ ဖြစ်နေပါပြီ။ ဒါတွေ အားလုံးကို မှတ်မိဖို့ ခက်ခဲပေမယ့် တချို့ကိုတော့ မှတ်မိပါတယ်။ ဂရန်နာဒါနဲ့ပွဲမှာ ပထမဆုံးဂိုးသွင်းခဲ့တာတွေ။ မာယော့ကာနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းခဲ့တာတွေ။ နောက်ထပ် စံချိန်တစ်ခုအဖြစ် ချန်ပီယံလိဂ်ရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူ ဖြစ်လာဖို့ ပီအက်စ်ဂျီနဲ့ပွဲမှာ ဒီစံချိန်ကို ရယူနိုင်မယ်လို့ ထင်မိပါတယ်။” လို့ ယာမယ်လ်က ပြောဆိုသွားခဲ့ပါတယ်။