ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် တောင်ပံကစားသမားလေး လာမင်း ယာမယ်လ်ဟာ အင်တာမီလန်အသင်းကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပြီးနောက် အသင်းပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် ကတိစကားတစ်ခု ပေးခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ မီလန်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ရဲ့ ပထမပိုင်းမှာ (၂)ဂိုးပြတ် ရှုံးနိမ့်နေခဲ့ရာကနေ ဒုတိယပိုင်းမှာပဲ ပြန်လာပြီး အနိုင်ရလုနီးပါး ဖြစ်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ချေပဂိုး ခွင့်ပြုပေးလိုက်ရတာကြောင့် အချိန်ပိုအထိ ကစားခဲ့ရပြီး ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်ကျော့ပေါင်း ရလဒ် ၇-၆ နဲ့ ရှုံးပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။

Photo Credit : Nogomania

ဒီလို ရင်ကွဲနာကျင်စရာ ရှုံးပွဲအပြီးမှာ ဘာစီလိုနာရဲ့ အာရုံစိုက်စရာ ကစားသမားလေး ယာမယ်လ်က လာမယ့်နှစ်တွေမှာ ဥရောပရဲ့ အကြီးကျယ်ဆုံး ဆုဖလားကို ဘာစီလိုနာဆီ သယ်လာပေးမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။ ပွဲအပြီး နာရီအနည်းငယ်အကြာမှာပဲ ယာမယ်လ်ဟာ သူ့ရဲ့ အင်စတာဂရမ်ကနေတဆင့် အခုလို ရေးသားခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် တနင်္ဂနွေနေ့မှာ ကစားရမယ့် အရေးကြီးတဲ့ အယ်လ်ကလက်ဆီကို ပွဲစဉ်ကိုလည်း မျှော်ကြည့်နေပါတယ်။

“ကျွန်တော်တို့ အားလုံး အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒီနှစ်တော့ မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပြန်လာမှာပါ။ ဘာကာ ပရိသတ်တွေ သံသယ မရှိပါနဲ့။ ဒီကလပ်ကို ထိုက်တန်တဲ့နေရာ အမြင့်ဆုံးနေရာကို မရောက်မချင်း ကျွန်တော်တို့ ရပ်တန့်မှာ မဟုတ်ဘူး။ ကျွန်တော့် ကတိကို တည်စေမှာပါ။ ဘာစီလိုနာမြို့ဆီကို ဒီဖလား(ချန်ပီယံလိဂ်ဖလား) ယူလာပေးမှာပါ။ ကျွန်တော်တို့ ရတဲ့အထိ ရပ်မှာမဟုတ်ဘူး။ ဒါပေမယ့် တနင်္ဂနွေနေ့ကလည်း နောက်ထပ် ဗိုလ်လုပွဲ တစ်ပွဲပါပဲ။ ကျွန်တော်တို့ အားလုံး အတူတူ ရှိနေရမယ်။ ဘာကာ အရှည်တံ့တည်ပါစေ!” လို့ ယာမယ်လ်က ရေးခဲ့ပါတယ်။

Photo Credit : Goal

ဘာကာအတွက် တတိယဂိုးကို ပွဲပြီးခါနီး (၈၇)မိနစ်မှာ သွင်းခဲ့တဲ့ တောင်ပံကစားသမား ရာဖင်ညာလည်း စိတ်ပျက်နေခဲ့ပြီး အခုလို ပိုစ့်တင်ခဲ့ပါတယ်။ “ကျွန်တော်တို့ ပိုပြီး အားကောင်းလာအောင် ပြန်လာပါမယ်။ ပရိသတ်အားလုံးရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ် ဘာကာပရိသတ်တွေ။ ကျွန်တော်တို့ အတူတူ ရှိနေတုန်းပါပဲ။ ဒီရာသီက မပြီးသေးပါဘူး။ နေ့တိုင်း နေ့တိုင်း ဒီဂျာစီအရောင်တွေကို ဝတ်ဆင်ရတာ ပိုပြီး ဂုဏ်ယူရပါတယ်။ ဒီအသင်းကို ဂုဏ်ယူပါတယ်။ ဘာကာ အမြဲတမ်း အရှည်တံ့တည်ပါစေ။”

ဟန်ဆီ ဖလစ်ခ်ရဲ့ အသင်းဟာ အခုဆိုရင် ပြည်တွင်းဆုဖလား (၂)လုံးကို ဆွတ်ခူးထားခဲ့ပြီ ဖြစ်ပေမယ့် လာလီဂါ အမှတ်ပေးဖလားကိုပါ ဆွတ်ခူးနိုင်ဖို့ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ အိမ်ကွင်းမှာ ပြိုင်ဘက်ဟောင်း ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိ အမှတ်ပေးဇယားမှာ အသင်းနှစ်သင်းကြား (၄)မှတ်သာ ကွာဟနေပါတယ်။