ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်လေးဖြစ်တဲ့ တောင်ပံကစားသမား လာမင်း ယာမားလ်က လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေပြီလို့ အခိုင်အမာ ပြောကြားခဲ့သလို ဘယ်အသင်းကိုမှလည်း ကြောက်နေမှာ မဟုတ်ဘူးလို့ ကြွေးကြော်လိုက်ပါတယ်။

ဒီရာသီမှာ ဘာစီလိုနာအသင်းဟာ နည်းပြဟန်ဆီ ဖလစ်ခ်လက်ထက် ပိုမို အားကောင်းတဲ့ အသင်းတစ်သင်း ဖြစ်လာခဲ့ပြီး လက်ရှိမှာလည်း ဖလား(၄)လုံးလမ်းကြောင်းမှာ ရပ်တည်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းထားခဲ့ကာ ကွာတားမှာတော့ ဒေါ့မွန်အသင်းနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

Photo Credit : TNT Sports

ဖလစ်ခ်ရဲ့ ဘာစီလိုနာက ဒီရာသီ ချန်ပီယံလိဂ်ထဲ မိုနာကို တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး league phase မှာ အဆင့်(၂)နေရာနဲ့ ရပ်တည်နိုင်ခဲ့သလို (၁၆)သင်းအဆင့်မှာလည်း ဘင်ဖီကာအသင်းကို နှစ်ကျော့လုံး အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ league phase အပြီး (၁၆)သင်းအဆင့်လောက်အထိတော့ လီဗာပူးလ်က ချန်ပီယံလိဂ်မှာ ရေပန်းစားနေပေမယ့် လီဗာပူးလ်က ပီအက်စ်ဂျီကို ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာချိန်မှာတော့ ဘာစီလိုနာက ရေပန်းစားသွားခဲ့ပါတယ်။

အခု အခြေအနေနဲ့ ပတ်သက်ပြီး ဘာစီလိုနာရဲ့ စပိန်တောင်ပံကစားသမား ယာမားလ်က “လီဗာပူးက ပြိုင်ပွဲကနေ ထွက်သွားပြီမို့ အခု ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ရေပန်းအစားဆုံးက ကျွန်တော်တို့အသင်းပါပဲ။ ဘယ်အသင်းကိုမှ ကျွန်တော်တို့ မကြောက်ပါဘူး။ ကျွန်တော်တို့အသင်းက မိသားစုတစ်ခုလိုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်က ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ အချိန်ကလို မဟုတ်တော့ပါဘူး။” လို့ ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : Youtube

 

 

ဘာစီလိုနာက ဒီရာသီထဲ စပိန် စူပါဖလား ဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ရီးယဲလ် မက်ဒရစ်ကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ထားခဲ့သလို လာလီဂါမှာလည်း အဆင့်(၁)နေရာ ရပ်တည်နေကာ ကိုပါဒယ်ရေးပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာလည်း ကွာတားမှာ ဒေါ့မွန်နဲ့ ဆုံတွေ့နေတာဖြစ်လို့ ဆီမီးတက်ဖို့က အခြေအနေကောင်းနေရပါတယ်။

ရာဖင်ဟာ ယာမားလ် လီဝန်ဒေါစကီး ပတ်ဒရီတို့လို ကစားသမားတွေကလည်း ဘာစီလိုနာအတွက် အတော်လေး ခြေစွမ်းပြသလျက် ရှိနေသလို တကယ်လို့ ဘာစီလိုနာက ဒီရာသီထဲ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေပါ ရရှိခဲ့မယ်ဆိုရင်တော့ ရာဖင်ဟာနဲ့ ယာမားလ်တို့ပါ ဘာလွန်းဒေါဆုအတွက် အခြေအနေကောင်းလာနိုင်ပါတယ်။