ဘာစီလိုနာအသင်းရဲ့ မျိုးဆက်သစ်ကြယ်ပွင့်လေး လာမင်း ယာမယ်လ်က သူ့အနေနဲ့ ကစားသမားဘဝမှာ ဘာလွန်းဒေါဆုကို တစ်ကြိမ်တည်း ရရှိရုံနဲ့ ကျေနပ်မှာမဟုတ်ဘဲ အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားကြောင်း ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

အသက် (၁၈)နှစ်အရွယ်သာ ရှိသေးတဲ့ ယာမယ်လ်ဟာ ပြီးခဲ့တဲ့ (၁၂)လအတွင်း အံ့မခန်းခြေစွမ်းပြသခဲ့ပြီးနောက် ဒီနှစ်နှောင်းပိုင်းမှာ ချီးမြှင့်မယ့် ၂၀၂၅ ခုနှစ် ဘာလွန်းဒေါဆုအတွက် အသင်းဖော်ဟောင်း အူစမာ ဒမ်ဘီလီနဲ့အတူ ရေပန်းအစားဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ သူသာ ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ပါက သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဘာလွန်းဒေါဆုရှင်အဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။

Photo Credit : FC Barcelona

ကစားသမားဟောင်းတွေနဲ့ ကစားသမားသစ်များစွာက သူ့ကို ထောက်ခံနေကြချိန်မှာ ယာမယ်လ်ကိုယ်တိုင်က သူ့ရဲ့ ကြီးမားတဲ့အိပ်မက်ကို အခုလို ဖွင့်ဟလာတာပါ။ “ကျွန်တော့်မှာ ဒါကိုလုပ်နိုင်စွမ်းရှိတယ်”။ စပိန် Podcast အစီအစဉ်တစ်ခုမှာ ယာမယ်လ်က “ကျွန်တော့်သူငယ်ချင်းတွေကို ပြောဖူးတယ်၊ ကျွန်တော်က ဘာလွန်းဒေါဆု တစ်လုံးရဖို့ အိပ်မက်မက်တာမဟုတ်ဘူး၊ အများကြီးရဖို့ အိပ်မက်မက်တာလို့။”

“ကျွန်တော့်မှာ ဒါကိုလုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ကစားသမားတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ တကယ်လို့ ကျွန်တော်သာ ဒီဆုကို မရခဲ့ဘူးဆိုရင် အဲ့ဒါက ကျွန်တော် အလုပ်မကြိုးစားလို့ ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်က မလိုချင်လို့ပဲ ဖြစ်လိမ့်မယ်။ ဒါကြောင့် ကျွန်တော်က အများကြီးရဖို့ အိပ်မက်မက်ထားတယ်။ တစ်နေ့နေ့မှာ ပထမဆုံးဆု ရလာတဲ့အခါ ကျွန်တော် အရမ်းပျော်မှာပါ။ ဒါပေမဲ့ အဲ့ဒီနောက်မှာလည်း နောက်ထပ်ဆုတွေ အများကြီး ဆက်တိုက်ယူသွားချင်ဦးမှာပဲ။” လို့ သူက ပြောကြားခဲ့ပါတယ်။

Photo Credit : Tribuna

အသက် (၁၈)နှစ်သာ ရှိသေးတဲ့ သူ့ရဲ့ အလားအလာကြောင့် ယာမယ်လ်ဟာ ကစားသမားဘဝတစ်လျှောက် ဘာလွန်းဒေါဆုများစွာကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ (၅)ကြိမ် စံချိန်ကို ကျော်လွှားနိုင်ဖွယ်ရှိသလို လီယွန်နယ် မက်ဆီရဲ့ (၈)ကြိမ်ဆိုတဲ့ မယုံနိုင်စရာ စံချိန်ကိုတောင် မှီနိုင်တဲ့ အခွင့်အရေး သူ့မှာရှိနေပါတယ်။

လောလောဆယ်မှာတော့ ဒါတွေအားလုံးဟာ ခန့်မှန်းချက်တွေသာ ဖြစ်နေသေးပေမယ့် ယာမယ်လ်ဟာ လာမယ့်နှစ်ပေါင်းများစွာ ဘောလုံးလောကကို စိုးမိုးသွားနိုင်တဲ့ အရည်အချင်းအပြည့်အဝရှိတဲ့ ကစားသမားတစ်ယောက်ဖြစ်ကြောင်း ထင်ရှားနေပါပြီ။ ဘာစီလိုနာအသင်းကတော့ ဒီလိုထူးချွန်တဲ့ ကစားသမားလေးကို သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံး အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေမှာ အသေအချာပါပဲ။