စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် လာမိုင်း ယာမယ်က ယနေ့မနက် အစောပိုင်းမှာ စပိန်စူပါဖလား ဆီမီးဖိုင်နယ် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၂-၀ အိုဆာဆူနာ ပွဲအပြီးမှာ သူတို့အသင်းဟာ စူပါဖလား ဗိုလ်လုပွဲမှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူပြီး ရလဒ်ဆိုးဝါးနေမှုတွေကို ပြောင်းပြန် လှန်ပစ်မယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်နဲ့ ဘာစီလိုနာ လူငယ်ကြယ်ပွင့် ယာမယ်က ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက နည်းပြ ဇာဗီရဲ့ စင်တင်ပေးမှုကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပွဲထွက် ကစားခွင့်တွေ ရရှိနေပါတယ်။

Photo Credit: Goal

လာမိုင်း ယာမယ်က ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၂၆ပွဲ အထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၂-၀ အိုဆာဆူနာ ပွဲစဉ်မှာလည်း ယာမယ်က ပွဲချိန် ၄၂မိနစ်မှာ ဒဏ်ရာရသွားတဲ့ အသင်းဖော် ရာဖင်ညာရဲ့ နေရာကို အစားဝင် ကစားခွင့် ရခဲ့ပြီး သူက ပွဲချိန် ၉၀+၃မိနစ်မှာ ဘာစီလိုနာ အတွက် ဒုတိယ အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။

ဘာစီလိုနာက အိုဆာဆူနာကို အနိုင်ရခဲ့တာကြောင့် စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ ရောက်ရှိသွားပြီး ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာက သူတို့ရဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေကာ ယာမယ်ကတော့ သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ကန်မယ်လို့ ကြွေးကြော်လိုက်ပါတယ်။

Photo Credit: Marca

လာမိုင်း ယာမယ်က – “ကျွန်တော့်ရဲ့ဂိုးကို ဖန်တီးပေးခဲ့တဲ့ ယာအို ဖီးလစ်ကို ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့လို့ အရမ်း ပျော်နေပါတယ်။ ကျွန်တော်တို့က အခုချိန်မှာ ယုံကြည်မှု ပြည့်ဝနေပြီး ဗိုလ်လုပွဲ အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်က ဗိုလ်လုပွဲမှာ ပွဲထွက် ကစားရမလား ၊ လူစားဝင် အဖြစ်ပဲ ကစားရမလား ဆိုတာ နည်းပြကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ နည်းပြက ကျွန်တော့်ကို ပွဲထွက် ကစားခွင့် ပေးဖို့ ဆုံးဖြတ်ခဲ့ရင် ကျွန်တော်က ရလာတဲ့ အခွင့်အရေးကို အသုံးချပြီး အကောင်းဆုံး ကြိုးစား ကစားသွားပါမယ်။ ကျွန်တော့်ရဲ့ဂိုးနဲ့ အသင်းကို နိုင်ပွဲ ရအောင် ကူညီပေးနိုင်ခဲ့လို့ အရမ်း ပျော်ပါတယ်။ အရေးအကြီးဆုံးက ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ပါပဲ။ ကျွန်တော်ကတော့ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ရင် ကျွန်တော်တို့ရဲ့ လက်ကျန်ရာသီဝက်မှာ အပြောင်းအလဲတွေ ဖြစ်သွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ချီတက်သွားမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။