ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ကြယ်ပွင့်လေး လာမင်း ယာမယ်လ်ရဲ့ ဒဏ်ရာပြဿနာနဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF) နဲ့ အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ ဒီအခြေအနေဟာ နည်းပြ ဟန်ဆီ ဖလစ်ခ်က လူငယ်ကစားသမားလေး ဒဏ်ရာရှိနေရဲ့သားနဲ့ နိုင်ငံအသင်းအတွက် ပွဲကစားခိုင်းခဲ့တဲ့အပေါ် လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးနောက်မှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ယာမယ်လ်ဟာ အခုရက်ပိုင်းမှာကစားမယ့် အရေးကြီးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ယာမယ်လ်ရဲ့ ကြံ့ခိုင်မှုအခြေအနေကို ကိုင်တွယ်ခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ “ကလပ်နဲ့ နိုင်ငံအသင်းကြား” ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို လျော့ချဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုဟာ RFEF ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာ အိုင်တော ကာရန်ကာနဲ့ တွေ့ဆုံပြီး ဆက်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Photo Credit : Tribuna

ဒီအငြင်းပွားမှုဟာ ယာမယ်လ်က ပေါင်ခြံဒဏ်ရာအနည်းငယ်ရှိလျက်နဲ့ စပိန်အသင်းကို သွားရောက်ပူးပေါင်းခဲ့ပြီး ဘူလ်ဂေးရီးယားနဲ့ တူရကီတို့ကို ရင်ဆိုင်ခဲ့တဲ့ပွဲတွေမှာ မိနစ်အများအပြား ပါဝင်ကစားခဲ့ပြီးနောက်မှာ စတင်ဖြစ်ပွားခဲ့တာပါ။ ဘာစီလိုနာနည်းပြ ဖလစ်ခ်က စပိန်နည်းပြ လူးဝစ် ဒီ လာ ဖွန်တေးရဲ့ ပေါ့ဆမှုအပေါ် အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“လာမင်းက နိုင်ငံအသင်းဆီကို နာကျင်မှုနဲ့အတူ သွားခဲ့ရတာပါ။ သူက အကိုက်အခဲပျောက်ဆေးတွေသောက်ပြီး နာကျင်နေတဲ့ကြားကပဲ ကစားခဲ့ရတယ်။ သူ့မှာ ပြဿနာရှိနေရဲ့သားနဲ့ (၇၉)မိနစ်နဲ့ (၇၃)မိနစ်အထိ ကစားခဲ့ရတယ်။ ဒါက ကစားသမားတွေကို ဂရုစိုက်တာမဟုတ်ဘူး။ စပိန်နိုင်ငံအသင်းမှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေကို ဂရုစိုက်သင့်တယ်။ အထူးသဖြင့် လူငယ်ကစားသမားတွေကိုပေါ့။” လို့ ဖလစ်ခ်က ပြောကြားခဲ့ပါတယ်။

Photo Credit : Goal

အသက် (၁၈)နှစ်အရွယ် ကစားသမားလေးရဲ့ အရင်ကတည်းကရှိနေခဲ့တဲ့ နာကျင်မှုဟာ အခုအခါမှာတော့ ပေါင်ခြံဒဏ်ရာအဖြစ် ပိုမိုဆိုးရွားသွားခဲ့ပြီး ကလပ်အသင်းအတွက် တိုက်ရိုက်ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယာမယ်လ်ဟာ တနင်္ဂနွေနေ့က ဗလင်စီယာကို ၆-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်ကို လွဲချော်ခဲ့ရပြီး Mundo Deportivo သတင်းစာကတော့ ဒီနေ့ (တနင်္လာနေ့) မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့တာကြောင့် နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို ပါဝင်နိုင်ဖို့ဆိုတာ “အံ့ဖွယ်ရာတစ်ခု” ဖြစ်လာလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

အခုအခါမှာတော့ နှစ်ဖက်စလုံးက လူသိရှင်ကြားဖြစ်ပွားခဲ့တဲ့ အငြင်းပွားမှုကို “ပြီးပြတ်ပြီ” လို့ သတ်မှတ်ပြီး အနာဂတ်မှာ အလားတူပဋိပက္ခတွေ ထပ်မဖြစ်ပွားအောင် ကာကွယ်ဖို့ကို အာရုံစိုက်လာကြပါပြီ။ ဒေကိုနဲ့ ကာရန်ကာတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ ဒဏ်ရာအသေးစားတွေနဲ့ နိုင်ငံအသင်းကို သွားရောက်သတင်းပို့တဲ့ ကစားသမားတွေကို စီမံခန့်ခွဲရာမှာ ပိုမိုရှင်းလင်းခိုင်မာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ထူထောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။