ဂန်းနား တပ်သားတွေရဲ့ နှလုံးလှ လူမိုက်ကြီးဖြစ်သူ ဂရာနစ်ချာကာဟာ လာမယ့် အပြောင်းအရွေ့ စျေးကွက်အတွင်းမှာပဲ အာဆင်နယ်အသင်းကနေ လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက် ဖြစ်သွားပြီလို့ နာမည်ကျော် ဘောလုံးသတင်းထောက်တွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Arsenal

၂၀၁၆ခုနှစ်ကတည်းက ဘွန်ဒက်စ်လီဂါကလပ် မိုချန်ဂလာဘတ်အသင်းကနေ အာဆင်နယ်ဆီ ရောက်ရှိလာခဲ့တဲ့ ဆွစ် ကွင်းလယ်လူ ချာကာဟာ အဲ့ဒီရာသီကနေ စတင်ပြီး အာဆင်နယ်အသင်းအတွက် (၇)ရာသီဆက်တိုက် အသုံးတော်ခံသွားခဲ့ပါတယ်။ အာဆင်နယ် ပရိသတ်တွေဆီကနေ ချစ်ခြင်းမုန်းခြင်းတွေ ရရှိခဲ့သူ ချာကာဟာ တကယ်တော့ အာဆင်နယ်ကနေ ထွက်ခွာဖို့ ပထမတစ်ကြိမ် ကြိုးပမ်းခဲ့ဖူးပေမယ့် နည်းပြ အာတေတာက အသင်းမှာ ဆက်နေဖို့ တိုက်တွန်းခဲ့ရာ အလုပ်ဖြစ်သွားခဲ့ပြီး ဒီတစ်ကြိမ်မှသာ ချာကာကို သူ့ဆန္ဒအတိုင်း လိုက်လျောသွားဖို့ စီစဥ်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : The Athletic

တကယ်တော့ ချာကာရဲ့ ဂန်းနားတပ်သားဘဝ နောက်ဆုံးရာသီဟာ အမြင့်မားဆုံး စွမ်းဆောင်ရည်တွေ အပြသနိုင်ဆုံး ရာသီတစ်ခုဖြစ်လို့ ဒါဟာ ဂန်းနား ပရိသတ်တွေအတွက် လွမ်းစရာ တစ်ခုလို့တောင် ဖြစ်လာနိုင်ပါတယ်။ ချာကာက ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစား (၇)ဂိုးသွင်း (၇)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။ ချာကာရဲ့ ဒီရာသီ performance က တကယ့် တကယ်ကို အသိအမှတ်ပြုလောက်စရာ ကောင်းလှအောင် ကစားထားနိုင်ခဲ့ပြီး အရင်လို စိတ်လိုက်မာန်ပါ လုပ်ဆောင်မှုတွေကိုပါ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Photo Credit : Arsenal

ဒီရာသီမှာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့အထိ နီးစပ်ခဲ့ရတဲ့ ချာကာဟာ လာမယ့် ရာသီမှာ စိန်ခေါ်မှုသစ်တွေ ရင်ဆိုင်ဖို့အတွက် ဥရောဝင်ခွင့်တောင် မသေချာသေးတဲ့ လေဗာကူဆင်ဆီ ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။ ဆွစ် ကွင်းလယ်လူ ချာကာက လေဗာကူဆင်ဆီ ယူရို (၁၅)သန်း (၄)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ရှိ​နေပြီး အာဆင်နယ်ကလည်း နဂိုကတည်းက အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ပစ်မှတ်ထားနေတာမို့ ဒီနွေမှာပဲ ရိုက်စ်ကို အရ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။