စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး လာလီဂါဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ မျှော်လင့်ထားပြီး လာလီဂါချန်ပီယံ ဖြစ်တာနဲ့ သူ့ရဲ့ အချစ်ရဆုံးကလပ် ဘာစီလိုနာနဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၄၃နှစ် အရွယ် စပိန်လူမျိုး နည်းပြတဦး ဖြစ်သူ ဇာဗီက ကစားသမား ဘဝမှာ ဘာစီလိုနာနဲ့အတူ ဆုဖလားပေါင်း များစွာ ရယူနိုင်ခဲ့တာကြောင့် ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသလို ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ချိန်မှာလည်း ဇာဗီဟာ သူ့ရဲ့ အရည်အချင်းတွေကို အကောင်းဆုံး ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

ဇာဗီက သူ့ရဲ့ နည်းပြဘဝကို ကာတာကလပ် အယ်ဆတ်နဲ့အတူ စတင်ခဲ့ပြီး ဇာဗီဟာ အယ်ဆတ်ကို ၂နှစ်ခွဲကြာအောင် ကိုင်တွယ်ခဲ့ရာ ကာတာချန်ပီယံ ၁ကြိမ် ၊ ကာတာလိဂ်ဖလား ၂ကြိမ် ၊ အီမာဖလား ၂ကြိမ် ၊ ကာတာစတားဖလား ၁ကြိမ်နဲ့ ကာတာစူပါဖလား ၁ကြိမ် စုစုပေါင်း ဆုဖလား ၇လုံး အထိ ရယူနိုင်ခဲ့ကာ သူ့ရဲ့ အောင်မြင်မှုတွေကြောင့်ပဲ ဘာစီလိုနာက ၂၀၂၁ခုနှစ်မှာ ဇာဗီကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ခဲ့ပါတယ်။

ဇာဗီက ဘာစီလိုနာရဲ့ နည်းပြသစ် ဖြစ်လာပြီးနောက် ယိုယွင်းနေတဲ့ အသင်းရဲ့ စိတ်ဓာတ်နဲ့ ကစားပုံတွေကို ပြန်လည် ပြင်ဆင်ပေးခဲ့သလို မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် သူ့ရဲ့ လက်ထက်မှာ ဘာစီလိုနာဟာ ခပ်မြန်မြန်ပဲ တိုးတက်လာခဲ့ပြီး ယခုနှစ် ဘောလုံးရာသီ အစမှာလည်း စပိန်စူပါဖလားကို အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sports Brief

ဒါ့အပြင် ဇာဗီရဲ့ ဘာစီလိုနာက လာလီဂါပြိုင်ပွဲမှာ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၁၂မှတ် အထိ ဖြတ်တောက်ထားနိုင်တာကြောင့် လာလီဂါချန်ပီယံ အဖြစ် ပြန်လည် အောင်ပွဲခံနိုင်ဖို့ နီးစပ်နေသလို ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း ရီးရဲလ်မက်ဒရစ်ကို အနိုင်ရထားတာကြောင့် ကိုပါဒယ်ရေးဖိုင်နယ်ဆီ တက်လှမ်းနိုင်ဖို့ပါ နီးစပ်နေပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာဘုတ်အဖွဲ့ဟာ ယခုနှစ် ဘောလုံးရာသီ စတင်ချိန်ကတည်းက ဇာဗီကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပြီး ဇာဗီကလည်း ဘာစီလိုနာမှာ ကာလရှည် ဆက်နေဖို့ အစီအစဉ် ရှိတာကြောင့် ဘာစီလိုနာရဲ့ စာချုပ်သစ်ကို လက်ခံခဲ့ကာ ဇာဗီဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံ အဖြစ် အောင်ပွဲခံပြီးတာနဲ့ စာချုပ်သစ်မှာ လက်မှတ်ထိုးတော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။