စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ လာလီဂါ ပွဲစဉ်(၂၁) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ ဗီလာရီးရဲလ်နဲ့ ပွဲစဉ်မှာ ရှုံးပွဲနဲ့ ကြုံခဲ့တာကြောင့် ဇယားထိပ်မှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၁၀မှတ် ပြတ်သွားပေမယ့် လာလီဂါချန်ပီယံဆု အတွက် တိုက်ပွဲဝင်သွားဦးမယ်လို့ ထုတ်ပြောလာပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၂၁) အဖြစ် တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ ဇာဗီက အသင်းရဲ့ အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ အနိုင်ရဖို့ အတွက် ကြိုးစားခဲ့ပေမယ့် ပထမပိုင်းမှာတင် ဧည့်သည် ဗီလာရီးရဲလ်ရဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Standard

ပထမပိုင်းမှာ ကစားပုံ လိုအပ်ချက်တွေ ရှိခဲ့တာကြောင့် ဇာဗီက ဒုတိယပိုင်း အစမှာတင် လူစားလဲမှု ၃ခု အထိ ထပ်မံ လုပ်ခဲ့ပေမယ့် ဧည့်သည် ဗီလာရီးရဲလ်က ပွဲချိန် ၅၄မိနစ်မှာ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပြီးနောက် ဘာစီလိုနာက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ရဖို့ အစွမ်းကုန် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၀မိနစ်နဲ့ ၇၁မိနစ် အတွင်း ဘာစီလိုနာဟာ ချေပဂိုး ၂ဂိုးနဲ့ ဦးဆောင်ဂိုး ၁ဂိုး ပြန်သွင်းနိုင်ခဲ့တဲ့ အထိ တိုက်စစ်အစွမ်း ပြခဲ့ပါတယ်။

ဒါပေမယ့် ပွဲပြီးဆုံးဖို့ နီးကပ်လာတာနဲ့အမျှ ဧည့်သည် ဗီလာရီးရဲလ်က ကစားပုံ ပိုကောင်းလာခဲ့ပြီး ပွဲချိန် ၈၄မိနစ်မှာ ဧည့်သည်တွေ ချေပဂိုး ပြန်သွင်းနိုင်ခဲ့သလို ပွဲချိန် မိနစ် ၉၀ကျော်မှာလည်း ဘာစီလိုနာရဲ့ ခံစစ်ကစားပုံ အားနည်းချက်တွေကို အခွင့်အရေးယူကာ ဗီလာရီးရဲလ် ကစားသမားတွေက အနိုင်ဂိုးတွေ သွင်းယူခဲ့ကြပါတယ်။

Photo Credit: Mirror

ဘာစီလိုနာ ၃-၅ ဗီလာရီးရဲလ် ပွဲအပြီးမှာ ဘာစီလိုနာက အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် (၁၀)မှတ် အထိ ပြတ်တောက်သွားခဲ့တာကြောင့် ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ မလွယ်တော့ပေမယ့် ဇာဗီကတော့ လာလီဂါချန်ပီယံဆု အတွက် နောက်ဆုံးချိန် အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလာပါတယ်။

ဇာဗီက – “အသင်းတွင်း အခြေအနေက အရမ်းကို ဆိုးရွားနေပါတယ်။ ကျွန်တော်က ဒီနေ့ပွဲကို ဘာကြောင့် ရှုံးခဲ့ရသလဲ ဆိုတဲ့ အကြောင်းပြချက်ကို မရှာနိုင်တော့ပါဘူး။ ဒါကြောင့်လည်း ကျွန်တော်က အသင်းကနေ ထွက်တော့မယ့်အကြောင်း လာပေါ်တာကို ပြောခဲ့တာပါ။ သူက အတော်လေး ခံစားနေရပါတယ်။ ကျွန်တော်တို့က လာလီဂါချန်ပီယံဆု အတွက် ဆက်လက် တိုက်ပွဲဝင်ဦးမှာပါ။ ကျွန်တော်တို့က လာလီဂါပြိုင်ပွဲကို အလေးထား ယှဉ်ပြိုင်သွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။