စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက သူတို့အသင်းဟာ လာမယ့် ၂၀၂၃ ခုနှစ် အတွင်းမှာ ဆုဖလားတွေ သေချာပေါက် ရယူနိုင်လိမ့်မယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားသွားခဲ့ပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ လီဝမ်ဒေါစကီး ၊ ရာဖင်ဟာ ၊ ခွန်ဒေ ၊ ခရစ်တန်ဆန် ၊ ကတ်ဆေး ၊ ဘယ်လာရင် ၊ အလွန်ဆို စတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းနီးပါး သုံးစွဲကာ ခေါ်ယူခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုအဆင့်ကိုတောင် ကျော်လွန်နိုင်ခဲ့ခြင်း မရှိပဲ အုပ်စုတတိယနေရာနဲ့ ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းခဲ့ရပါတယ်။

Photo Credit: Sky Sports

ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အစောကြီး ထွက်ခွာခဲ့ရတာကြောင့်ပဲ ဘာစီလိုနာ ပရိသတ်တွေက အသင်းနည်းပြ ဇာဗီရဲ့ အရည်အသွေး အပေါ် မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပြီး ဘာစီလိုနာက ဇာဗီကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေပြီ ဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဘာစီလိုနာဘုတ်အဖွဲ့က ဇာဗီကို အပြည့်အဝ ထောက်ခံနေဆဲ ဖြစ်သလို ဇာဗီကလည်း သူဟာ ဘာစီလိုနာကို ဦးဆောင်ဖို့ အရည်အချင်း ပြည့်ဝသူ ဖြစ်သလို သူတို့အသင်းဟာ ၂၀၂၃ခုနှစ် အတွင်းမှာ ပရိသတ်တွေ အတွက် ဆုဖလားတွေ သေချာပေါက် ရယူပေးမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

ဇာဗီက – “ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းက အမြင့်ဆုံး အနေအထားမှာ ရှိနေပါသေးတယ်။ ကစားသမား ဘဝတုန်းက ကျွန်တော်ဟာ အသင်းအတွက် ဖြစ်နိုင်သမျှ ပွဲများများ ကစားပေးချင်ခဲ့တဲ့သူပါ။ အခု ကျွန်တော်တို့က ယူရိုပါလိဂ်ပြိုင်ပွဲဆီ ရောက်သွားတော့ ပွဲတွေ ပိုများများ ကစားရပါတော့မယ်။ ဒါက ပွဲကစားခွင့် ရချင်တဲ့ ကစားသမားတွေ အတွက် အခွင့်အရေးကောင်း တခုပါပဲ။ ကျွန်တော်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ပြုတ်ခဲ့ပေမယ့် ပီဒရီ ၊ ဂါဗီတို့လို လူငယ်တွေ အပြင် ကျန်တဲ့ ကစားသမားတွေ အတွက် ပွဲများများ ကစားရမယ့် ကိစ္စဟာ ကောင်းမွန်တဲ့ ကိစ္စရပ် တခုလို့ ဆိုရပါမယ်။ ကျွန်တော်ကတော့ ဘာစီလိုနာဟာ ၂၀၂၃ခုနှစ် အတွင်းမှာ ဆုဖလား ရမယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဘာစီလိုနာက ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် လာလီဂါ ၊ ယူရိုပါလိဂ် ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားပြိုင်ပွဲတို့မှာ ဆက်လက် ယှဉ်ပြိုင်ခွင့် ရနေသေးတာကြောင့် ဘာစီလိုနာမှာ ဆုဖလားတွေ ရယူနိုင်မယ့် အခွင့်အလမ်းတွေ အများကြီး ကျန်နေပါသေးတယ်။