စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန်စူပါဖလားရဲ့ ဆီမီးဖိုင်နယ်မှာ ရီးရဲလ် ဘက်တစ်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ဗိုလ်လုပွဲဆီ ရောက်ရှိပြီးနောက် ဗိုလ်လုပွဲမှာ အစဉ်အလာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ချေမှုန်းကာ ချန်ပီယံ ဖြစ်အောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ ဘက်တစ်တို့က စပိန်စူပါဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲ အဖြစ် ဆော်ဒီနိုင်ငံမှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း အသုံးပြုခဲ့တာကြောင့် ပွဲက အတော်လေးကို မြိုင်ခဲ့သလို ပြည်တွင်းပွဲတွေမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် မပါနိုင်ခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့် လီဝန်ဒေါစကီးကလည်း ဒီနေ့ပွဲမှာ အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင် ကစားသွားနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

လီဝန်ဒေါစကီးက ပွဲချိန် ၄၀မိနစ်မှာတင် ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပေမယ့် ဘက်တစ်ရဲ့ ကောင်းမွန်တဲ့ ကစားအားကြောင့် ပွဲချိန် ၇၇မိနစ်မှာ ဖက်ကီက ဘက်တစ်အတွက် အဖိုးတန် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

သာမန်ပွဲကစားချိန် အတွင်းမှာ တဖက် တဂိုးစီ သရေကျခဲ့တာကြောင့် အချိန်ပို ဆက်လက် ယှဉ်ပြိုင်ခဲ့ရာမှာ ဖာတီက ပွဲချိန် ၉၃မိနစ်မှာ ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို ထပ်သွင်းပေးခဲ့ပေမယ့် ပွဲချိန် ၁၀၁မိနစ်မှာ မော်ရွန်က ဘက်တစ်အတွက် ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့တာကြောင့် တဖက် ၂ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာတော့ ဘာစီလိုနာက ၄-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာတော့ ဘာစီလိုနာက ဗလင်စီယာကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရထားတဲ့ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဘာစီလိုနာနည်းပြ ဇာဗီကတော့ သူတို့အသင်းဟာ အကောင်းဆုံးအသင်းကို အနိုင်ယူကာ ဆုဖလားတွေ ရယူဖို့ စိတ်ကူးရှိတာကြောင့် ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စပိန်စူပါဖလားကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဇာဗီက – “ဗိုလ်လုပွဲက ကျွန်တော်တို့တွေ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာခဲ့တာပါ။ (ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံချင်တာကို ရည်ရွယ်လျက်) ကျွန်တော်တို့က ဒီပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ကျွန်တော်က အမြဲတမ်း အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင် ကစားချင်သလို အကောင်းဆုံးအသင်းကိုလည်း အနိုင်ယူချင်စိတ် ရှိပါတယ်။ ဒီပြိုင်ပွဲက ဆုဖလား တလုံးအတွက် တိုက်ပွဲဝင်ရတဲ့ ပြိုင်ပွဲ ဖြစ်တာကြောင့် ကျွန်တော်တို့အတွက် အရေးပါပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ ဗိုလ်စွဲနိုင်ခဲ့ရင် ဒီအောင်ပွဲက ကျွန်တော်တို့အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို တိုးတက်စေနိုင်သလို ကျွန်တော်တို့ရဲ့ စိတ်ကိုလည်း အနည်းငယ် အေးချမ်းစေပါလိမ့်မယ်။ ဒါပေမယ့် ဗိုလ်လုပွဲရဲ့ ရလဒ်က ကျွန်တော်တို့ရဲ့ ဘောလုံးရာသီ တခုလုံး အပေါ် အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့က လက်ကျန် ပြိုင်ပွဲ ၃ခုစလုံးမှာလည်း ဗိုလ်စွဲနိုင်အောင် ကြိုးစားသွားဦးမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။