စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကိုပါဒယ်ရေး ဖလားပွဲမှာ လိဂ်၃ကလပ် အင်တာစီးတီးကို အနိုင်ရဖို့ အသည်းအသန် ရုန်းကန်ခဲ့ရပြီး အချိန်ပိုမှ နိုင်ခဲ့တဲ့ အတွက် မပျော်ရွှင်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာက ကိုပါဒယ်ရေး ဖလားရဲ့ ၃၂သင်းအဆင့် ရှုံးထွက်ပွဲ အဖြစ် လိဂ်၃ကလပ် အင်တာစီးတီးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး အင်တာစီးတီးဟာ လိဂ်၃မှာတောင် တန်းဆင်းဇုန်ထဲ ရောက်နေတာကြောင့် ဘာစီလိုနာက အင်တာစီးတီးကို အလွယ်တကူ အနိုင်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ ဘာစီလိုနာဟာ အင်တာစီးတီးကို အသည်းအသန် ကန်ပြီးမှသာ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့တာပါ။

Photo Credit: Dairo AS

အင်တာစီးတီး ၃-၄ ဘာစီလိုနာ (အချိန်ပိုရလဒ် အပါ) ပွဲစဉ်မှာ ဘာစီလိုနာနည်းပြ ဇာဗီက ဂိုးသမားနေရာကလွဲရင် အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ပြီး ဘာစီလိုနာကလည်း ပွဲစပွဲဆုံး အင်တာစီးတီးဘက်ကို တရစပ် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။

အင်တာစီးတီးကတော့ သူတို့အသင်းရဲ့ ကစားသမား အင်အားကြောင့် တပွဲလုံးနီးပါး ဘာစီလိုနာရဲ့ တိုက်စစ်ကို ခုခံ ကစားခဲ့ရပေမယ့် သူတို့ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့အတူ ဘာစီလိုနာကို ဒုက္ခပြန်ပေးနိုင်ခဲ့ပြီး အင်တာစီးတီးရဲ့ တောင်ပံတိုက်စစ် ကစားသမား ဆိုလ်ဒီဗီလာက ဟက်ထရစ် သွင်းယူနိုင်ခဲ့ကာ ပွဲရဲ့ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

Photo Credit: Dairo AS

အဆိုပါပွဲမှာ အင်တာစီးတီးရဲ့ သွင်းဂိုးအားလုံးကို ဆိုလ်ဒီဗီလာ တဦးထဲက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘာစီလိုနာရဲ့ သွင်းဂိုးတွေကိုတော့ အာရူဟို ၊ ဒမ်ဘီလီ ၊ ရာဖင်ညာနဲ့ ဖာတီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ကာ ဘာစီလိုနာနည်းပြ ဇာဗီကတော့ အင်တာစီးတီးကို လျှော့တွက်ခဲ့ကြတဲ့ သူ့ရဲ့ အသင်းသားတွေကို ပွဲအပြီးမှာ ဆူပူ ကြိမ်းမောင်းသွားခဲ့ပါတယ်။

ဇာ​ဗီက – “ကျွန်တော်တို့က ကိုယ်ကပဲ တပွဲလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ပွဲမျိုးမှာ ပေးဂိုးတွေ အရမ်း များသွားခဲ့ပါတယ်။ ကျွန်တော်တို့က ကိုယ့်ရဲ့ ကွင်းလယ်ဗဟိုနေရာကို မကာကွယ်နိုင်ခဲ့သလို ဂိုးဧရိယာထဲမှာလည်း ကောင်းမွန်တဲ့ စုဖွဲ့မှုမျိုး မရခဲ့ပါဘူး။ ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရခဲ့ပေမယ့် မပျော်ပါဘူး။ ကျွန်တော်တို့ရဲ့ ကစားပုံက ကောင်းခဲ့ပေမယ့် ဒီထက်ပိုပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ဖို့ လိုပါတယ်။ ခံစစ်ပိုင်းနဲ့ ပတ်သတ်ပြီး ပြောရရင်တော့ တခါတလေ ဒီလိုမျိုး အရာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ပွဲကို ဒီထက် ပိုပြီး မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့က ဖိအားပေးနိုင်စွမ်း နည်းပါးခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။