ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းမှာ သူဟာ ရာသီကုန်တာနဲ့ ဘာစီလိုနာကို စွန့်ခွာတော့မယ်လို့ တရားဝင် ကြေညာခဲ့တဲ့ ဘာစီလိုနာနည်းပြချုပ် ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ဘာစီလိုနာရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာ ၊ အားကစားဒါရိုက်တာ ဒေကို အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံကာ ဆွေးနွေးမှုတွေ လုပ်ပြီးနောက် သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြောင်းလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၄၄နှစ် အရွယ် စပိန်လူမျိုး ဇာဗီက ကစားသမားဘဝမှာ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့သလို နည်းပြလောကထဲကို ဝင်ရောက်ချိန်မှာလည်း သူ့ရဲ့ ပထမဦးဆုံးကလပ် အယ်လ်ဆတ်နဲ့ ဆုဖလားများစွာ ရယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာဆီ ပြန်လာခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီက ၂၀၂၁ခုနှစ်မှ စတင်ကာ ဘာစီလိုနာကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ဘာစီလိုနာနည်းပြဘဝ ပထမဦးဆုံးရာသီမှာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ကူညီပေးခဲ့သလို ဒုတိယမြောက်ရာသီမှာ စပိန်စူပါဖလားနဲ့ စပိန် လာလီဂါဖလားတွေ ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။

ယခုနှစ်ရာသီက ဇာဗီရဲ့ ဘာစီလိုနာနည်းပြဘဝ တတိယမြောက် ဘောလုံးရာသီ ဖြစ်ပြီး ရာသီအစပိုင်းမှာ ဘာစီလိုနာက ရလဒ်ပိုင်း အနည်းငယ် ဆိုးရွားခဲ့တာကြောင့် ဇန်နဝါရီလမှာပဲ အသင်းရဲ့ တာဝန်ရှိသူ တချို့နဲ့ တိုင်ပင်ကာ ရာသီကုန်ချိန်မှာ အသင်းကို စွန့်ခွာဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ဇာဗီက ဘာစီလိုနာကို စွန့်ခွာတော့မယ်လို့ ရုတ်တရတ် ကြေညာခဲ့ပြီးနောက် ဘာစီလိုနာရဲ့ ရလဒ်ပိုင်းတွေက တဟုန်ထိုး တိုးတက်လာခဲ့ပြီး ဘာစီလိုနာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ် အထိ တက်နိုင်ခဲ့သလို လာလီဂါပြိုင်ပွဲမှာလည်း အဆင့်(၂)နေရာကို ရောက်ရှိနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့က အသင်းကို အကောင်းဆုံးပုံစံနဲ့ ဦးဆောင်ပေးထားတဲ့ ဇာဗီကို လက်လွှတ်မခံပဲ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားခဲ့ပြီး နှစ်ဦးစလုံးက ဇာဗီနဲ့ မကြာခဏ တွေ့ဆုံကာ အသင်းမှာ ဆက်နေပေးဖို့ စည်းရုံးခဲ့ကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဇာဗီဟာ ဘာစီလိုနာဥက္ကဌ လာပေါ်တာ ၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ပြီးနောက် ဘာစီလိုနာမှာ ဆက်နေဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီး ဘာစီလိုနာဟာ ဇာဗီကို စာချုပ် ပြန်ချုပ်ဖို့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ စလုပ်နေသလို မကြာခင်မှာပဲ ဇာဗီရဲ့ ပြောင်းလဲထားတဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေ သိအောင် တရားဝင် ကြေညာမယ်လို့ သိရှိရပါတယ်။