စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက သူတို့အသင်းဟာ ယနေ့ညမှာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲ အဖြစ် နာပိုလီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမယ့် ပွဲစဉ်မှာ သူတို့အသင်းဟာ နာပိုလီကို အနိုင်ယူပြမယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

နာပိုလီနဲ့ ဘာစီလိုနာတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ သက်ဆိုင်ရာလိဂ်တွေရဲ့ ချန်ပီယံတွေ အဖြစ် အောင်ပွဲခံနိုင်ခဲ့ကြပေမယ့် ဒီရာသီမှာတော့ နှစ်သင်းစလုံးက တည်ငြိမ်တဲ့ ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့လည်း မလွယ်တော့ပါဘူး။

Photo Credit: DAZN

နာပိုလီက စီးရီးအေ ပွဲစဉ်(၂၅) အပြီးမှာ ရမှတ် ၃၆မှတ်သာ စုဆောင်းထားနိုင်တာကြောင့် အဆင့်(၉)နေရာ အထိ ရောက်ရှိနေသလို အဆင့်(၁) နေရာမှာ ရှိနေတဲ့ အင်တာမီလန်နဲ့ ရမှတ် ၂၇မှတ် အထိ ပြတ်တောက်သွားတာကြောင့်ပဲ သူတို့ရဲ့ ချန်ပီယံဘွဲ့ကို မကာကွယ်နိုင်ဖို့ သေချာသွားခဲ့ပါပြီ။

တဖက်မှာလည်း ဘာစီလိုနာက လာလီဂါ ပွဲစဉ်(၂၅) အပြီးမှာ ရမှတ် ၅၄မှတ်သာ စုဆောင်းနိုင်ခဲ့တာကြောင့် အဆင့်(၃)နေရာ အထိ ရောက်ရှိနေပြီး သူတို့က အဆင်(၁)နေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ရမှတ် ၈မှတ်သာ ကွာဟတာကြောင့် နာပိုလီလို မဟုတ်ပဲ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။

Photo Credit: Tribuna

လတ်တလော ခြေစွမ်းပိုင်းအရလည်း ဘာစီလိုနာက နာပိုလီထက် အသာစီး ရနေတာကြောင့် အဝေးကွင်းမှာ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ နီးစပ်နေပြီး ဘာစီလိုနာနည်းပြချုပ် ဇာဗီကတော့ သူတို့အသင်းဟာ အီတလီမြေမှာ နာပိုလီကို ကျိန်းသေပေါက် အနိုင်ယူပြမယ်လို့ ကြွေးကြော်ထားပါတယ်။

ဇာဗီက – “ကျွန်တော်တို့က ပထမအကျော့ပွဲမှာ အနိုင်ရလဒ်ကို သေချာပေါက် ရယူနိုင်မှာပါ။ ကျွန်တော့်အတွက် သရေရလဒ် ဆိုတာ ရလဒ်ကောင်း တခု မဟုတ်ပါဘူး။ ကျွန်တော်က ဘာစီလိုနာရဲ့ ကစားသမား ဖြစ်ခဲ့တာပါ။ ကျွန်တော်က ပြိုင်ဘက်ကို အနိုင်ယူဖို့ အတွက်ပဲ လေ့ကျင့်ခဲ့ပါတယ်။ ဘာစီလိုနာက အမြဲတမ်း အနိုင်ရဖို့ အတွက်ပဲ ကစားပါတယ်” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။