စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ ပွဲစဉ်မှာ သူတို့အသင်းဟာ ပြိုင်ဘက် နာပိုလီကို အဝေးကွင်းမှာ အနိုင်ရခဲ့သင့်တယ်လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ နည်းပြအပြောင်းအလဲ များနေတဲ့ နာပိုလီနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး ယနေ့မနက်မှာတော့ နာပိုလီနဲ့ ဘာစီလိုနာတို့က နေပယ်လ်မြို့မှာ ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို ယှဉ်ပြိုင် ကစားခဲ့ပါတယ်။

Photo Credit: Sky Sports

နာပိုလီနဲ့ ဘာစီလိုနာ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး ဧည့်သည် ဘာစီလိုနာက နည်းပြအပြောင်းအလဲ များနေတာကြောင့် ပုံမှန် ကစားကွက် မရှိသေးတဲ့ နာပိုလီကို ပွဲစပွဲဆုံး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာရဲ့ တိုက်စစ် ကစားသမားတွေက ရလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံး အသုံးမချနိုင်ခဲ့ပဲ ပွဲချိန် ၆၀မိနစ်ရောက်မှ လီဝန်ဒေါစကီးက ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာရဲ့ အပျော်တွေက ကြာကြာ မခံခဲ့ပဲ ပွဲချိန် ၇၅မိနစ် အရောက်မှာ အိုဆီမန်က နာပိုလီအတွက် အဖိုးတန် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

နာပိုလီ ၁-၁ ဘာစီလိုနာ ပွဲအပြီးမှာတော့ ဘာစီလိုနာနည်းပြချုပ် ဇာဗီက သူတို့အသင်းဟာ ပွဲကို စိုးမိုးထားနိုင်ခဲ့တာကြောင့် နေပယ်လ်မြို့မှာ နိုင်ပွဲ ရခဲ့သင့်ကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

ဇာဗီက – “ဒီပွဲမှာ ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့က နိုင်ပွဲ ရခဲ့သင့်ပါတယ်။ ကျွန်တော်က အသင်းကနေ ထွက်ခွာတော့မယ်လို့ ကြေညာအပြီးမှာပဲ လီဝန်ဒေါစကီးက အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသပေးခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ သူက အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးတွေကို သွင်းယူပေးနေတာပါ” လို့ ပြောကြားသွားခဲ့တာပါ။