စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယူရိုပါလိဂ် ၃၂သင်း အဆင့်မှာ အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တာဟာ သူတို့အသင်း အတွက် ကံဆိုးမှု တခုပဲလို့ ပြောကြားသွားခဲ့ပါတယ်။

ဘာစီလိုနာက ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ အင်တာမီလန် ၊ ပါလ်ဇန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုတတိယနေရာသာ အရယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲဆီ ဆင်းကစားခဲ့ရပါတယ်။

Photo Credit: Goal

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၃၂သင်း အဆင့်မှာလည်း ဘာစီလိုနာက ယူရိုပါလိဂ် အုပ်စုအဆင့်မှာ ဒုတိယရတဲ့ အသင်းတွေ အနက် အားအကောင်းဆုံးအသင်းလို့ ပြောရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ထိပ်တိုက် တွေ့ဆုံနေခဲ့ပြီး နှစ်သင်းကြားမှာ ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေ ရှိနေတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲဟာ ဒီနှစ် ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးပွဲလို့တောင် တင်စားခံနေရပါတယ်။

ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီကတော့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ၃၂သင်း အဆင့်မှာတင် မန်ချက်စတာ ယူနိုက်တက်လို အားကောင်းတဲ့ ပြိုင်ဘက်မျိုးနဲ့ တွေ့ခဲ့ရတာကို မပျော်မရွှင် ဖြစ်နေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ရတာဟာ ကံဆိုးမှု တခုပဲလို့ ငြီးတွားသွားခဲ့ပါတယ်။

Photo Credit: Goal

ဇာဗီက – “ကျွန်တော်တို့တွေက တွေ့နိုင်တဲ့ ပြိုင်ဘက်အသင်းတွေထဲ ကနေ အခက်ဆုံးပြိုင်ဘက်နဲ့ ထပ်တွေ့ရပြန်ပါပြီ။ ဒီပွဲက ခက်ခဲဦးမယ့် ပွဲတပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့က အကောင်းဆုံး ကြိုးစားသွားပါမယ်။ ကျွန်တော်တို့နဲ့ မန်ချက်စတာ ယူနိုက်တက် ဆိုတာ အစဉ်အလာပြိုင်ဘက်တွေပါ။ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အများကြီး တိုးတက်လာပါတယ်။ သူတို့အသင်းမှာ ထိပ်သီး ကစားသမားတွေလည်း ရှိနေပါတယ်။ ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ရတာဟာ ကျွန်တော်တို့ အတွက် အဆိုးဝါးဆုံး မဲခွဲမှု တရပ်ပါပဲ။ ကျွန်တော်တို့တွေ ဒီတကြိမ်လည်း ကံမကောင်းခဲ့ပြန်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။