လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ သူတို့အသင်းဟာ ပြိုင်ဘက် ဂျီရိုနာထက် ခြေစွမ်းပိုင်း အများကြီး ပိုကောင်းခဲ့ပေမယ့် ကောင်းရှုံးကြီး ရှုံးခဲ့ရတာလို့ ပွဲပြီးအင်တာဗျူးမှာ မချိတင်ကဲ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ဇာဗီ ဦးဆောင်နေတဲ့ ဘာစီလိုနာက ဒီရာသီ ပြိုင်ပွဲစုံမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ အတော်လေး ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပြီး ဘာစီလိုနာက စပိန်စူပါဖလားဗိုလ်လုပွဲမှာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့သလို ကိုပါဒယ်ရေးပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ ဘီလ်ဘာအိုနဲ့ ပီအက်စ်ဂျီတို့ကို ရှုံးနိမ့်ကာ ပြိုင်ပွဲတွေ ကနေ ထွက်ခဲ့ရပါတယ်။

Photo Credit: Marca

ဒါကြောင့် ဘာစီလိုနာက ဖလားလက်မဲ့ရာသီနဲ့ မကြုံရဖို့ အတွက် လာလီဂါပြိုင်ပွဲ တခုထဲကိုပဲ အားထား ယှဉ်ပြိုင်ခဲ့ရပေမယ့် ယမန်နေ့ညမှာ လာလီဂါ ပွဲစဉ်(၃၄) အဖြစ် ဂျီရိုနာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ဆီ လာလီဂါချန်ပီယံဘွဲ့ကို လက်လွှတ်ပေးခဲ့ရပြန်ပါတယ်။

ဂျီရိုနာနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ အနိုင်ရလဒ် ရယူနိုင်ဖို့ အတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ကြပြီး ဘာစီလိုနာက ပွဲချိန် ၃မိနစ်ပဲ နောက်ခံလူ ခရစ်တန်ဆန်ရဲ့ သွင်းဂိုးနဲ့ ပွဲကို စတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာတို့ရဲ့ အပျော်တွေက စက္ကန့်ပိုင်းသာ ကြာခဲ့ပြီး ပွဲချိန် ၄မိနစ်မှာ ဒေါ့ဗရက်က အိမ်ရှင်အတွက် ချေပဂိုးကို ပြန်သွင်းပေးခဲ့ပါတယ်။

Photo Credit: Goal

တဖက် တဂိုးစီ သရေကျနေပြီးနောက် နှစ်သင်းစလုံးက ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ကြပြီး ပွဲချိန် ၄၅+၁မိနစ်မှာ ပင်နယ်တီ ကနေ တဆင့် လီဝန်ဒေါစကီးက ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုး ထပ်မံ ခွင့်ပြုပေးခဲ့ရပေမယ့် အိမ်ရှင် ဂျီရိုနာက ပြာမသွားပဲ တိုက်စစ်နဲ့ ခံစစ်ကို မျှမျှတတ ကစားရင်း ၆၅မိနစ်နဲ့ ၇၄မိနစ် အတွင်း ချေပဂိုးနဲ့ အနိုင်ဂိုး ၂ဂိုးကို သွင်းယူကာ အိမ်ကွင်းမှာ ဘာစီလိုနာကို အနိုင်ယူသွားခဲ့ပါတယ်။

ဦးဆောင်ခွင့် ၂ကြိမ်တိတိ ရခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာကြောင့် ဘာစီလိုနာနည်းပြ ဇာဗီက ပေါက်ကွဲနေပြီး သူတို့အသင်းဟာ ပွဲကို စိုးမိုးထားနိုင်တဲ့ အချိန်တွေမှာ နိုင်ပွဲ ရအောင် ထိန်းကစားဖို့ သင်ယူရဦးမယ်လို့ ဆိုလာပါတယ်။ ဇာဗီက – “ကျွန်တော်တို့က ဒီပွဲမှာ ပြိုင်ဘက်ကို လွှမ်းမိုး ကစားနိုင်ခဲ့သလို ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တတိယမြောက်ဂိုးကို မသွင်းနိုင်ခဲ့ပဲ ပြိုင်ဘက်ကို ပေးဂိုး ၃ဂိုး အထိ ခွင့်ပြုခဲ့ရပါတယ်။ ကျွန်တော်တို့က လာမယ့်ရာသီမှာ ဒီလိုမျိုး ဖြစ်နေတာတွေကို ပြောင်းလဲဖို့နဲ့ ဒီထက် ပိုတိုးတက်လာအောင် လုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး အနိုင်ရသင့်တဲ့ပွဲတွေမှာ ရှုံးလို့ မရတော့ပါဘူး။ ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ် ၊ ဂျီရိုနာ စတဲ့ အသင်းတွေနဲ့ ကစားခဲ့တဲ့ ၄ပွဲစလုံးမှာ သူတို့ထက် ပိုကောင်းခဲ့ပေမယ့် တပွဲမှကို မနိုင်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။