စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ကိုပါဒယ်ရေး ပထမအကျော့ အဖြစ် ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ဘာနေဗျူးကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပေမယ့် သူတို့အသင်းဟာ ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲဆီ တက်လှမ်းဖို့ မသေချာသေးကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က စပိန် ကိုပါဒယ်ရေး ပထမအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ခြေစွမ်းပိုင်းအရ အသာစီး ရခဲ့ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။

Photo Credit: Mirror

ဇာဗီရဲ့ ဘာစီကတော့ သူတို့ရဲ့ မူလ ကစားပုံ ဖြစ်တဲ့ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန်ကို စွန့်လွှတ်ကာ ကွင်းလယ်နဲ့ ခံစစ်လိုင်းတွေကို ကျစ်ကျစ်လျစ်လျစ် ထားကာ ဂိုးမပေးရရေး အတွက် အဓိက ဦးတည် ကစားသွားခဲ့ပြီး ဇာဗီရဲ့ နည်းစနစ်တွေက အလုပ်ဖြစ်ခဲ့တာကြောင့် ဘာစီလိုနာဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို လွယ်လင့်တကူ တားဆီးနိုင်ခဲ့သလို ကတ်ဆီးရဲ့ ကြိုးစားမှု ကနေ ရလာတဲ့ မီလီတာအိုရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် အဖိုးတန် နိုင်ပွဲ တပွဲကို ရရှိခဲ့ပါတယ်။

အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း များသွားခဲ့ပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီကတော့ ရီးရဲလ်မက်ဒရစ်ကို လျှော့တွက်လို့ မရကြောင်းနဲ့ ရီးရဲလ်မက်ဒရစ်က ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ သူတို့အသင်းထက် ပိုရေပန်းစားနေသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

ဇာဗီက – “ကျွန်တော်တို့မှာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိပါတယ်။ ကျွန်တော်တို့က ဒုတိယအကျော့မှာ အရမ်းကောင်းတဲ့ ခြေစွမ်းမျိုးနဲ့ ကစားပြဖို့ လိုပါသေးတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ခံစစ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့က အိမ်ကွင်းမှာ ဆိုတော့ ကိုယ့်ရဲ့ ပရိသတ်တွေ ရှေ့မှာ ကစားရမယ့်ပွဲမို့ ရလဒ်ကောင်း ရနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ဗိုလ်လုပွဲဆီ တက်လှမ်းဖို့ ရေပန်းစားနေဆဲပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။