စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ သူတို့အသင်းက ပြိုင်ဘက် ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် နောက်တဆင့် တက်ဖို့ မသေချာသေးပါဘူးလို့ နှိမ့်ချစွာ ပြောဆိုလာခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ကိုယ်စားပြု ပီအက်စ်ဂျီနဲ့ စပိန်နိုင်ငံ ကိုယ်စားပြု ဘာစီလိုနာတို့က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ယနေ့မနက် အစောပိုင်းမှာ ပီအက်စ်ဂျီရဲ့ ပဲရစ်မြေပေါ်မှာ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးကာ ကစားခဲ့တာကြောင့် ပွဲကောင်း တပွဲ ဖြစ်ခဲ့ပါတယ်။

Photo Credit: Standard

အဆိုပါပွဲမှာ ပီအက်စ်ဂျီက အိမ်ရှင် ဖြစ်တာကြောင့် ပွဲစပွဲဆုံး တရစပ် တိုက်စစ်ဆင် ကစားကာ နိုင်ပွဲ ရယူဖို့ ကြိုးစားခဲ့ပြီး ဧည့်သည် ဘာစီလိုနာကတော့ အဝေးကွင်းမှာ မရှုံးနိမ့်အောင် ကစားဖို့သာ ဆုံးဖြတ်ထားတာကြောင့် ခံစစ်ကို အထိုင်ချကာ အဝေးဘောတွေနဲ့ ပီအက်စ်ဂျီကို ဒုက္ခပေးဖို့ ပြင်ဆင်လာခဲ့ပါတယ်။

ပီအက်စ်ဂျီက တိုက်စစ်ဖွင့် ကစားခဲ့ပေမယ့် ဇာဗီရဲ့ နည်းစနစ်တွေက အလုပ်ဖြစ်ခဲ့တာကြောင့် ပွဲချိန် ၃၇မိနစ်မှာပဲ ဘာစီလိုနာတို့ အဖွင့်ဂိုး စရခဲ့ပြီး ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာက သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် ပီအက်စ်ဂျီက ချေပဂိုး ပြန်ရဖို့ တိုက်စစ်ဖွင့် ကစားလာခဲ့ပြီး ဒုတိယပိုင်း အစမှာပဲ အိမ်ရှင်တွေက ဘာစီလိုနာရဲ့ အထလေးမှုကို အခွင့်ကောင်း ယူကာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၈မိနစ်နဲ့ ၅၁မိနစ်တွေမှာ ဒမ်ဘီလီနဲ့ ဗိုင်တင်ညာတို့က ပီအက်စ်ဂျီ အတွက် သွင်းဂိုးတွေကို အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပေးခဲ့ရပြီးနောက် ဘာစီလိုနာက ချေပဂိုး ပြန်ရဖို့ တိုက်စစ်မြှင့် ကစားလာခဲ့ပြီး ပွဲချိန် ၆၂မိနစ်မှာ တပွဲလုံး ခြေစွမ်းပြနေတဲ့ ရာဖင်ညာက ဘာစီလိုနာ အတွက် ချေပဂိုးကို သွင်းပေးခဲ့သလို ပွဲချိန် ၇၇မိနစ်မှာလည်း နောက်ခံလူ ခရစ်တန်ဆန်က ဘာစီလိုနာ အတွက် နောက်တဆင့်ဆီ တက်နိုင်ဖို့ အရေးပါမယ့် အနိုင်ဂိုးကို ထပ်သွင်းပေးခဲ့ပါတယ်။

Photo Credit: Standard

ပီအက်စ်ဂျီ ၂-၃ ဘာစီလိုနာ ပွဲအပြီးမှာတော့ အဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ဘာစီလိုနာက နောက်တဆင့်ဆီ တက်နိုင်ဖို့ အခြေအနေ ကောင်းသွားခဲ့ပေမယ့် ဘာစီလိုနာနည်းပြချုပ် ဇာဗီကတော့ အခုချိန်အထိ ဆီမီးဖိုင်နယ်ဆီ တက်ဖို့ ရေပန်းစားနေတဲ့ အသင်းဟာ ပီအက်စ်ဂျီသာ ဖြစ်ကြောင်း နှိမ့်ချစွာ ပြောလာသလို သူတို့အသင်းက နောက်တဆင့် တက်ချင်ရင် အိမ်ကွင်းမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ဖို့ လိုလိမ့်မယ်လို့ ဆိုလာပါတယ်။

ဇာဗီက – “ကျွန်တော်ကတော့ ဆီမီးဖိုင်နယ်ဆီ တက်ဖို့ ရေပန်းစားနေတဲ့အသင်းက ပီအက်စ်ဂျီပဲ ဖြစ်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့က ခံစစ်အားကို ယူပြီး သူတို့နဲ့ ကွာဟချက်ကို လျှော့ချနိုင်ခဲ့ရုံပါပဲ။ ဒီနေ့နိုင်ပွဲ အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီအက်စ်ဂျီက ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်းတွေထဲက တသင်း ဖြစ်နေလို့ပါပဲ။ ကျွန်တော်တို့ရဲ့ ပွဲစဉ်က တပိုင်းပဲ ပြီးပါသေးတယ်” လို့ ပြောကြားသွားခဲ့တာပါ။