စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီကတော့ ယနေ့ညမှာ သူတို့နဲ့ ရင်ဆိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် ကြိုးစားနေတဲ့ ကာတာစော်ဘွား အယ်သနီဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အသင်းပိုင်ရှင်ကောင်း ဖြစ်လာလိမ့်မယ်လို့ အာမခံသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ဆုံးခါနီးမှာပဲ မန်ချက်စတာ ယူနိုက်တက် အတွက် ရင်းနှီးမြှုပ်နှံသူ အသစ် ရှာဖွေနေကြောင်း တရားဝင် ထုတ်ပြန်ကာ အသင်းကို ရောင်းချမယ့် သူတို့ရဲ့ အစီအစဉ်ကို ကမ္ဘာသိ ကြေညာခဲ့ပြီး လက်ရှိမှာတော့ ကာတာစော်ဘွား အယ်သနီ ၊ ဗြိတိန်ရဲ့ အချမ်းသာဆုံး သူဌေးကြီး ရက်ကလစ်ဖ်တို့ အပါအဝင် ဘီလီယံနာ တချို့က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူဖို့ အတွက် ကြိုးစားနေပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ အယ်သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် တရားဝင် ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ထားကြပြီး အယ်သနီ ဦးဆောင်တဲ့ စော်ဘွားအဖွဲ့က မန်ချက်စတာ ယူနိုက်တက်ကို ပေါင် ၆ဘီလီယံ ဝန်းကျင်နဲ့ ရာနှုန်းပြည့် ဝယ်ယူဖို့ ဆုံးဖြတ်ထားသလို ရက်ကလစ်ဖ်ကလည်း ပေါင် ၄.၅ ဘီလီယံ ဝန်းကျင် သုံးစွဲကာ ဂလေဇာမိသားစု ပိုင်ဆိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာအကုန်လုံးကို ဝယ်ယူဖို့ စီစဉ်ထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကတော့ အသင်းကို အလုံးစုံ မဝယ်ယူပဲ ရှယ်ယာအများဆုံး ပိုင်ဆိုင်တဲ့ ပုဂ္ဂိုလ်သာ ဖြစ်ဖို့ ကြိုးစားနေတဲ့ ရက်ကလစ်ဖ်ထက် အသင်းကို ငယ်စဉ်ကတည်းက အားပေးလာခဲ့တဲ့ အယ်သနီကိုသာ အသင်းပိုင်ရှင်သစ် အဖြစ် မြင်တွေ့ချင်နေကြပြီး ကာတာနိုင်ငံမှာ နှစ်အတော်ကြာ ဘောလုံးသွားကစားဖူးတာကြောင့် အယ်သနီနဲ့ ရင်းနှီးတဲ့ ဘာစီလိုနာနည်းပြ ဇာဗီကလည်း အယ်သနီဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အသင်းပိုင်ရှင်ကောင်း ဖြစ်လာမယ့်သူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Team Talk

ဇာဗီက – “ကျွန်တော်က ရှိတ် အယ်သနီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ သူက အတော်လေး တည်ငြိမ်သလို တာဝန်ယူတတ်တဲ့ ပုဂ္ဂိုလ်မျိုးပါ။ ဒါကြောင့် သူသာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဖြစ်လာခဲ့ရင် အသင်းပိုင်ရှင်ကောင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်က သူ့ကို အတော်လေး သိသလို သူက လူကောင်း တယောက် ဆိုတာကိုလည်း အာမခံပေးလို့ ရပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက် အတွက် အရမ်းကို ကောင်းတဲ့ ရွေးချယ်မှု တခု ဖြစ်လာမှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။