စပိန်လာလီဂါရဲ့ လက်ရှိ ချန်ပီယံ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လာလီဂါအဖွင့်ပွဲမှာ ဂီတာဖေးကို အဝေးကွင်းမှာ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် တယောက်လျော့ အနေအထားမှာ ဂီတာဖေး ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ကစားပုံတွေကို ရင်ဆိုင်ခဲ့ရပေမယ့် အကောင်းဆုံး ကစားပြခဲ့တဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

ဂီတာဖေးနဲ့ ဘာစီလိုနာတို့က ရာသီအဖွင့်ပွဲ အဖြစ် ဂီတာဖေးရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြကာ အိမ်ရှင် ဂီတာဖေးကတော့ ခပ်ကြမ်းကြမ်း ကစားပုံနဲ့ ဘာစီလိုနာရဲ့ တိုက်စစ်ကို ဟန့်တားဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: Euro Sports

ဇာဗီကတော့ ကစားသမားသစ်တွေ ဖြစ်တဲ့ ဂန်ဒိုဂန် ၊ ရိုမီယူတို့ကို ဒီဂျောင်နဲ့ တွဲဖက်ပေးကာ ၄-၁-၂-၁-၂ ဆိုတဲ့ Diamond ကစားကွက်ကို အသုံးပြုခဲ့ပြီး ကစားသမားတွေရဲ့ အရည်အချင်းတွေ ကွာဟချက်ကြောင့် ဘာစီလိုနာက ဂီတာဖေးကို ပွဲစပွဲဆုံး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာက ဂီတာဖေးထက် ကစားပုံ ပိုကောင်းခဲ့ပေမယ့် ဂီတာဖေး ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်မှုတွေကြောင့် ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေကို မလုပ်နိုင်ခဲ့သလို ပွဲချိန် ၄၂မိနစ်မှာလည်း နောက်ချန်တိုက်စစ်မှူး အဖြစ် ကစားခဲ့တဲ့ ရာဖင်ဟာက အနီကတ်နဲ့ ထွက်ခဲ့ရတာကြောင့် ဘာစီလိုနာက လက်ကျန် မိနစ် ၅၀ကို တယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရပါတယ်။

Photo Credit: Forbes

ဒုတိယပိုင်းကို ၁၀ယောက်ထဲနဲ့ ဖြတ်သန်းခဲ့ရသလို ဂီတာဖေး ကစားသမားတွေရဲ့ ခံစစ်အထိုင်ချကာ ခပ်ကြမ်းကြမ်း ကစားပုံတွေကြောင့် ဘာစီလိုနာက သူတို့ရဲ့ ရာသီအဖွင့်ပွဲမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ ဂိုးမရှိ သရေရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပြီး ဂီတာဖေး ၀-၀ ဘာစီလိုနာ ပွဲအပြီးမှာတော့ ဇာဗီက ဂီတာဖေး ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားပုံကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင် ဆိုတိုကို ဝေဖန်မှုတွေ လုပ်ခဲ့သလို သူ့ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူကြောင်း ပြောလာပါတယ်။

ဇာဗီက – “လူတွေက ကျွန်တော်တို့ရဲ့ လာလီဂါပွဲတွေကို ကြည့်ဖို့ ပျင်းနေတယ် ၊ စိတ်မဝင်စားတော့ဘူး ဆိုတဲ့ အရာတွေက အမှန်တကယ် ဖြစ်နေပါပြီ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ မြင်ခဲ့ရတာက ဘောလုံးပွဲ တပွဲ မဟုတ်ပါဘူး။ ဒီပွဲက လာလီဂါပြိုင်ပွဲ အတွက် ရှက်စရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။ ဒီပွဲက ကြည့်ဖို့ ကောင်းတဲ့ ဘောလုံးပွဲမျိုး မဟုတ်ခဲ့ပါဘူး။ လူတွေက ဒီလိုပွဲတွေကို ကြည့်ချင်မှာလည်း မဟုတ်ပါဘူး။ ဒိုင်လူကြီးက ဂီတာဖေး ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားပုံတွေကို ဟန့်တားဖို့ ပျက်ကွက်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေက အချိန်ဆွဲခံခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ကစားခဲ့တဲ့ ကျွန်တော့်ရဲ့ ကစားသမားတွေ အတွက် ဂုဏ်ယူမိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။