စပိိန် လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လက်စ်ပါးမက် ၁-၂ ဘာစီလိုနာ ပွဲစဉ်မှာ လူစားဝင် ကစားသမား အဖြစ် ဝင်ရောက် ကစားရင်း ခြေစွမ်းကောင်း တချို့ ပြသခဲ့တဲ့ ကစားသမားသစ် ဗီတာ ရိုကွေးရဲ့ ခြေစွမ်းကို သဘောကျကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပူပူနွေးနွေး ဘရာဇီးလ် လက်ရွေးစင် လူငယ်တိုက်စစ်မှူး ဗီတာ ရိုကွေးက ယခု​ ဆောင်းဈေးကွက် အစမှာပဲ ဘရာဇီးလ်ကလပ် အက်သလက်တီကို ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာက သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

ဗီတာ ရိုကွေးက ဘာစီလိုနာဆီ ရောက်လာတာ မကြာသေးတာကြောင့် လက်စ်ပါးမတ်နဲ့ ဘာစီလိုနာ ပွဲစဉ်မှာ ပွဲထွက် တိုက်စစ်မှူး အဖြစ် မကစားခဲ့ရပေမယ့် ပွဲချိန် ၇၈မိနစ်မှာတော့ ဖာရန်း တောရက်စ်နဲ့ လူစားလဲကာ သူ့ရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ပွဲဦးထွက်ကို ကစားခွင့် ရခဲ့ပါတယ်။

အဆိုပါပွဲမှာ ဗီတာ ရိုကွေးက ၁၅မိနစ် ဝန်းကျင်သာ ကစားခွင့် ရခဲ့ပေမယ့် သူ့ရဲ့ အတိုးအလှုပ်နဲ့ ပြိုင်ဘက် ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့သလို ဂိုးပေါက် ကန်သွင်းမှု ၃ကြိမ် အထိ လုပ်နိုင်ခဲ့တာကြောင့် သူ့ရဲ့ စွမ်း​ဆောင်ရည်ကို မချီးကျူးရင်တောင် အသိအမှတ်တော့ ပြုရပါမယ်။

Photo Credit: FC Barcelona

ဒါကြောင့်လည်း လက်စ်ပါးမတ် ၁-၂ ဘာစီလိုနာ ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဇာဗီနဲ့ ဘာစီလိုနာ ခံစစ်မှူး အာရူဟိုတို့က ဗီတာ ရိုကွေးကို ချီးကျူးစကားတွေ အသီးသီး ပြောသွားခဲ့တာပါ။

ဇာဗီက – “ဗီတာ ရိုကွေးက ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူက ကျွန်တော်တို့အသင်း လိုအပ်နေတဲ့ ခွန်အားတွေကို ယူဆောင်လာပေးတဲ့သူပါ” လို့ ရိုကွေးကို ချီးကျူးစကား ပြောသွားခဲ့တာ ဖြစ်ပြီး အာရူဟိုကလည်း ရိုကွေးဟာ ၁၈နှစ်သာ ရှိသေးတာကြောင့် အသင်းမှာ အထိုင်ကျဖို့ လိုသေးပေမယ့် အနာဂတ်မှာ အားကိုးရမယ့် တိုက်စစ်မှူး ဖြစ်ကြောင်း ပြောကြားသွားခဲ့တာပါ။