ဘာစီလိုနာအသင်းရဲ့ အသင်းနည်းပြဖြစ်သူ ဇာဗီဟာနန်ဒက်ဇ်က အသင်း တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးရဲ့ လက်ရှိ ဂိုးသွင်းစွမ်းရည် အနည်းငယ် ကျဆင်းနေခြင်းအပေါ် စိုးရိမ်နေခြင်း ရှိမနေဘူးလို့ အတိအလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Football Espana

ပိုလန် ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးဟာ ဒီရာသီမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူရဲ့ ပထမဆုံး လာလီဂါ ကစားသမားဘဝမှာပဲ လာလီဂါ သွင်းဂိုး (၁၇)ဂိုး သွင်းယူထားနိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲစုံဘက်မှာဆိုရင်လည်း စုစုပေါင်း (၂၇)ဂိုး သွင်းယူထားကာ ဘာစီလိုနာနဲ့လည်း စပိန်စူပါဖလားကို ဆွတ်ခူးထားသလို လာလီဂါဖလား ရယူနိုင်ဖို့လည်း အခြေအနေကောင်းမွန်နေပါတယ်။ ဒါပေမယ့် အသက်(၃၄)နှစ်အရွယ် ကစားသမားကြီး လီဝန်ဒေါစကီးက ဘာစီလိုနာအတွက် ပါဝင်ကစားခဲ့တဲ့ နောက်ဆုံး(၆)ပွဲမှာ (၂)ဂိုးသာ သွင်းယူနိုင်ပြီး အဲ့ဒီ (၂)ဂိုးဟာလည်း အယ်လ်ချီနဲ့ တစ်ပွဲတည်းမှာပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Football Espana

“ကျွန်တော် လီဝန်ဒေါစကီးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေမှာ မဟုတ်သလို လာလီဂါ ချန်ပီယံ ဖြစ်လာဖို့အတွက်နဲ့ ပတ်သတ်ပြီးတော့လည်း စိုးရိမ်မနေပါဘူး။ ကျွန်တော်တို့ ဟီရိုနာနဲ့ပွဲမှာ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ ဂိုးရှေ့မှာ သွင်းဂိုးတွေ ရအောင် မလုပ်ဆောင်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ နိုင်ပွဲတစ်ပွဲ ရရှိဖို့ ထိုက်တန်အောင် ကစားခဲ့ပါတယ်။ ကျွန်တော်တို့က (၁၀)ပွဲကစားဖို့ ရှိသေးပေမယ့် ဒုတိယနေရာက အသင်းကို (၁၃)မှတ်လည်း ဖြတ်ထားတယ်” လို့ ဇာဗီက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Espana

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဥရောပပြိုင်ပွဲတွေနဲ့ ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတွေ ယှဉ်ပြိုင်စရာ မရှိတော့တဲ့အတွက် လာလီဂါကိုသာ အပြည့်အဝ အာရုံ့စိုက်ထားနိုင်ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက ပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်းကိုလည်း (၁၃)မှတ်အထိတောင် ဖြတ်တောက်ထားနိုင်လို့ လာလီဂါ ချန်ပီယံ ဖြစ်လာဖို့က လက်တစ်ကမ်းအလိုလောက်သာ ဖြစ်နေပါတယ်။