စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ တဖက် ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် သူတို့အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးဟာ ယခင်က ရပ်တည်ခဲ့ဖူးတဲ့ နေရာဆီ ပြန်လာပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာရဲ့ နူးကမ့်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြတာ ဖြစ်ပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက ခြေရည်တူ ကစားနိုင်ခဲ့ကြသလို ပရိသတ်တွေကိုလည်း ဖျော်ဖြေမှု အပြည့် ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ၂၀၀၀-၂၀၁၀ ဆယ်စုနှစ် အတွင်းမှာ ဥရောပရဲ့ အကောင်းဆုံး အသင်း ၃သင်း စာရင်းထဲ ဝင်ခဲ့ကြတဲ့ အထိ အောင်မြင်ခဲ့တဲ့ အသင်းတွေ ဖြစ်ကြသလို မကြာခဏ ဆိုသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ၊ ဗိုလ်လုပွဲ စတဲ့ နေရာတွေမှာ ထိပ်တိုက် တွေ့ဆုံလေ့ ရှိကြပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်းမှာ ကွင်းတွင်း ၊ ကွင်းပြင် စီမံခန့်ခွဲမှု အလွဲတွေကြောင့် ရုန်းကန်ခဲ့ရတဲ့ အသင်းတွေ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဘာစီလိုနာနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဇာဗီနဲ့ တန်ဟက်ဂ်တို့ရဲ့ ဦးဆောင်မှုတွေနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်တက်လာနိုင်ခဲ့ပြီး ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ စပိန်စူပါဖလားကို သိမ်းပိုက်ထားနိုင်သလို မန်ချက်စတာ ယူနိုက်တက်ကလည်း ကာရာဘောင်းဖလား ဗိုလ်လုပွဲဆီ တက်လှမ်းထားနိုင်ပါတယ်။

Photo Credit: Football 365

ဒါကြောင့်ပဲ ဘာစီလိုနာ ၂-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ ဘာစီလိုနာနည်းပြ ဇာဗီက သူတို့အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက် နှစ်သင်းစလုံးဟာ ရှိသင့်တဲ့ နေရာမှန်ဆီ ပြန်လာနေကြပြီ ဖြစ်သလို သူတို့နှစ်သင်းက မကြာခင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြင့်ဆုံး အဆင့်တွေမှာ ထပ်မံ ရင်ဆိုင်ရနိုင်ကြောင်း ဆိုလာတာပါ။

ဇာဗီက – “ဒီပွဲက တကယ်ကို ခက်ခဲတဲ့ ပွဲပါ။ တကယ်ကို ခက်တာပါ။ ပြိုင်ဆိုင်မှု ၊ အနိုင်ရလိုမှု ၊ ရစ်သမ် အရာအားလုံးက ထိပ်တန်းအဆင့်မှာ ရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ နောက်ဆုံးမိနစ် အထိ အကောင်းဆုံး ယှဉ်ပြိုင် ကစားခဲ့မှု အတွက် ဂုဏ်ယူရမယ့်ပွဲလို့ ထင်ပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က နောက်ဆုံး ရခဲ့တဲ့ အခွင့်အရေး ၂ခုကို အသုံးချနိုင်ခဲ့ရင် နိုင်ပွဲ ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဥရောပရဲ့ ထိပ်သီးအသင်း တသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ။ ကျွန်တော်ကတော့ ကျွန်တော်တို့ရော ၊ ယူနိုက်တက်ကပါ ပြန်လာနေပြီလို့ ထင်ပါတယ်။ ကျွန်တော်က တန်ဟက်ဂ်ကို ဂုဏ်ပြုချင်ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်မှာ အတော်လေး ကောင်းတဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်တာပါ။ ကျွန်တော်တို့က အနာဂတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဖိုင်နယ် ၊ ဆီမီးဖိုင်နယ်နဲ့ ကွာတားဖိုင်နယ်လို အဆင့်မျိုးမှာ ထပ်ဆုံကောင်း ထပ်ဆုံနိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့က ယူရိုပါလိဂ်ပြိုင်ပွဲမှာပါ။ ဒါပေမယ့် ကျွန်တော်တို့က ပြန်လာနေပါပြီ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ နှစ်သင်းစလုံးက အရမ်းကို ကောင်းတဲ့ ကစားဟန်တွေကို ပြသနိုင်ခဲ့ကြပါတယ်” လို့ ပြောကြားကာ ကြွေးကြော်သွားခဲ့တာပဲ ဖြစ်ပါတယ်။