စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့ညမှာ သူတို့ရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိရေး အတွက် ဦးတည်ကာ ကြိုးစား ကစားသွားမယ်လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အယ်ကလပ်စီကို ပြိုင်ဘက်တွေ အဖြစ် ထင်ရှားကြတဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က သူတို့အသင်းရဲ့ သမိုင်းနောက်ခံနဲ့ အစဉ်အလာတွေကြောင့် ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ဘက်အသင်း နှစ်သင်း ဖြစ်ပြီး ဘောလုံးပရိသတ်တွေက သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံကြတဲ့ ပွဲတွေကို စိတ်ဝင်တစား ကြည့်ရှုလေ့ ရှိကြပါတယ်။

Photo Credit: 90 Min

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က စပိန်နိုင်ငံရဲ့ အကောင်းဆုံးအသင်း နှစ်သင်း ဖြစ်တာနဲ့အညီ စပိန်ပြည်တွင်းဖလားတွေ အတွက် မကြာခဏ ဆိုသလို ထိပ်တိုက် ရင်ဆိုင်ရလေ့ ရှိပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူကာ စပိန်စူပါဖလားကို သိမ်းပိုက်ထားနိုင်သလို လာလီဂါနဲ့ ကိုပါဒယ်ရေး ပြိုင်ပွဲတွေမှာလည်း သူတို့နှစ်သင်းက ချန်ပီယံဆုကို အပြိုင် လုနေရပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့က စပိန်ကိုပါဒယ်ရေးရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ယနေ့ညမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ရင်ဆိုင် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Keep Up

ဆီမီးဖိုင်နယ်ပွဲကို နှစ်ကျော့ ကစားရဖို့ ရှိနေတာကြောင့် ယနေ့ညမှာ ဧည့်သည် အဖြစ် ကစားရမယ့် ဘာစီလိုနာက အဝေးကွင်းမှာ သရေရလဒ် ရအောင် ထိန်းကစားနိုင်ရင် ဗိုလ်လုပွဲဆီ တက်နိုင်ဖို့ အခွင့်အလမ်း များသွားမှာ ဖြစ်ပေမယ့် ဘာစီလိုနာနည်းပြ ဇာဗီကတော့ သူတို့အသင်းဟာ ဘာနေဗျူးကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရအောင် ဦးတည် ကစားသွားမယ်လို့ ဆိုလာပါတယ်။

ဇာဗီက – “ဘာစီလိုနာက ရီးရဲလ်မက်ဒရစ်ကို အနိုင်ရဖို့ လိုပါတယ်။ ကျွန်တော်တို့က အမြဲတမ်း ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားဖို့ပဲ စဉ်းစားထားတာပါ။ ကျွန်တော်တို့က ဘောလုံးပိုင်ဆိုင်မှု ကောင်းကောင်းနဲ့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ကစားဖို့ စဉ်းစားထားပါတယ်။ တကယ်လို့ ကျွန်တော်တို့သာ ရှုံးနိမ့်ခဲ့မယ် ဆိုရင် ပျော်နိုင်မှာ မဟုတ်ပါဘူး” လို့ ကြွေးကြော်သွားခဲ့တာပဲ ဖြစ်ပါတယ်။