ဘာစီလိုနာနည်းပြ ဇာဗီ ဟာနန်ဒက်ဇ်က လက်ရှိမှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး တကယ်လို့ အသင်းရဲ့ ကစားသမားတွေဆီကနေ ယုံကြည်မှုတွေပါ မရတော့ဘူးဆိုရင်တော့ သူ့အနေနဲ့ အသင်းကနေ စွန့်ခွာသွားဖြစ်မယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းကို လာလီဂါ ချန်ပီယံ နဲ့ စပိန် စူပါဖလား ချန်ပီယံတွေ ဖြစ်အောင် လုပ်ဆောင်ထားခဲ့ပြီး ဒီရာသီမှာတော့ စူပါဖလား ဖိုင်နယ်မှာ ရီးယဲလ်ကို ဂိုးပြတ် ရှုံးထားခဲ့သလို လာလီဂါမှာပါ ထိပ်ဆုံးနေရာက ဂျီရိုနာနဲ့လည်း တစ်ပွဲလျော့ (၈)မှတ်အထိ ကွာဟလျက် ရှိနေရပါတယ်။

Photo Credit : San Digeo Turbine

ဒီလို အခြေအနေတွေကြောင့် နည်းပြ ဇာဗီဟာ ဖိအားတွေနဲ့ ရင်ဆိုင်စပြုလာရပြီး ထိုင်ခုံလှုပ်လာရတဲ့ အနေအထားတွေမှာ ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဇာဗီက “ကျွန်တော်က ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးတယ်။ ဒီမှာ ရှိနေတာကလည်း အသင်းအတွက် တစ်စုံတစ်ခုကို ရယူပေးချင်လို့ပါ။”

“အဲ့ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်လည်း ဒီမှာ ဆက်ရှိနေမှာ မဟုတ်သလို ကစားသမားတွေဆီကနေ ကျွန်တော်နဲ့ ပတ်သက်ပြီး ယုံကြည်မှု မရတော့ရင်လည်း ကျွန်တော် ဒီကနေ ထွက်ခွာသွားမှာပါ။ ကျွန်တော်က ဒီအသင်းအတွက် ဆုဖလား (၃)ခုအထိ ရယူနိုင်ခဲ့ပါပြီ။ ဒီအခြေအနေမှာ ကျွန်တော်က ကျရှုံးဖို့ထက် အောင်မြင်ဖို့က ပိုနီးစပ်ပါတယ်။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona

ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ဇာဗီဟာ ဘာစီလိုနာအသင်းမှာ အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးအဖြစ် (၁၇)နှစ်ကြာ ပါဝင်ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုများစွာကို သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။

ဒီလို ကစားသမားဘဝနဲ့ ဘာစီလိုနာမှာ အောင်မြင်ခဲ့တဲ့ ဇာဗီက လွန်ခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာပဲ နည်းပြအဖြစ် ဘာစီလိုနာအသင်းဆီ ပြန်ရောက်လာခဲ့ပြီး ရောက်ရောက်ချင်း နှစ်မှာပဲ အသင်းကို အဆင့် (၉)နေရာကနေ အဆင့် (၂)အထိ ဆွဲတင်ပေးခဲ့သလို ပြီးခဲ့တဲ့ ရာသီမှာလည်း ဆုဖလား (၂)ခုကို ရယူပေးနိုင်ခဲ့ပါတယ်။