ဘာစီလိုနာအသင်းရဲ့ ပြင်သစ် တောင်ပံ တိုက်စစ် ကစားသမား အူစမန် ဒမ်ဘီလီဟာ လက်ရှိမှာ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့တော့မှာဖြစ်ပြီး ဒမ်ဘီလီ အခုလို အသင်းနဲ့ လမ်းခွဲသွားခြင်းအပေါ် နာကျင် ခံစားမိရတယ်လို့ ဘာစီလိုနာ နည်းပြ ဇာဗီက ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းက ဒမ်ဘီလီကို ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ လက်ရှိမှာတော့ ဒမ်ဘီလီကိုယ်တိုင် ဘာစီလိုနာမှာ ဆက်ကစားဖို့ထက် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ကိုသာ ဆန္ဒရှိလာခဲ့ပြီး ကမ်းလှမ်းမှုကိုလည်း ခေါင်းညိတ်ထားခဲ့ပါတယ်။

Photo Credit : Barca Blaugranes

အသက် (၂၆)နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမား ဒမ်ဘီလီဟာ လွန်ခဲ့တဲ့ ၂၀၁၇ခုနှစ်ကတည်းက ဘာစီလိုနာအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ဒဏ်ရာပြသာနာတွေ မကြာခဏ ရင်ဆိုင်တတ်ရတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း နည်းပြဇာဗီလက်ထက်မှာ ခြေစွမ်းပိုင်းတွေ ပြန်လည် တောက်ပလာနိုင်သူ ဖြစ်ပါတယ်။

ဒါပေမယ့် စာချုပ်သက်တမ်း (၁)နှစ်သာ ကျန်ရှိနေတော့တဲ့ ဒမ်ဘီလီကို ပီအက်စ်ဂျီက ဒမ်ဘီလီ နဲ့ ဘာစီလိုနာတို့ကြားက ချုပ်ဆိုထားတဲ့ စာချုပ်လျော်ကြေးအတိုင်း ခေါ်ယူဖို့ လုပ်ဆောင်လာခဲ့ရာ ဒမ်ဘီလီလည်း လက်ခံသွားခဲ့ပြီး ပီအက်စ်ဂျီအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ကိုလည်း သဘောတူညီခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

ဒီကိစ္စရပ်နဲ့ ပတ်သက်ပြီး ဇာဗီက “အူစမန် ဒမိဘီလီက သူ့အနေနဲ့ ဘာစီလိုနာက ထွက်ခွာပြီး ပီအက်စ်ဂျီနဲ့ လက်တွဲလိုကြောင်း ကျွန်တော့်ကို ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုက ကြီးမားလို့ ကျွန်တော်တို့ မယှဥ်ပြိုင်နိုင်ပါဘူး။ ဒမ်ဘီလီက လူးဝစ် အန်နရီကေး(ပီအက်စ်ဂျီနည်းပြ) နဲ့ ခီလိုင်ဖီ(ပီအက်စ်ဂျီဥက္ကဌ)တို့နဲ့ပါ စကားပြောဆိုခဲ့ပြီးပါပြီ။”

“ဒါက နာကျင်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သူဒီမှာ ပျော်ရွှင်နေရအောင် ဂရုတစိုက် ရှိထားခဲ့လို့ပါပဲ။ ဒါပေမယ့်လည်း ကျွန်တော်တို့ မယှဥ်ပြိုင်နိုင်တော့ပါဘူး။ သူ ဒီကနေ ထွက်သွားတော့မှာပါ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။