စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ နည်းပြချုပ် ဖြစ်သူ ဇာဗီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပိန် ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဘီလ်ဘာအိုကို နောက်ကျအနိုင်ဂိုးတွေ ပေးရကာ ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် သူဟာ မကြာခင်မှာ ဘာစီလိုနာနည်းပြချုပ်ရာထူး ကနေ နုတ်ထွက်ရဖွယ် ရှိနေကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဇာဗီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာကို စပိန်စူပါဖလားနဲ့ လာလီဂါဖလားတို့ရဲ့ ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ဦးဆောင်ပေးခဲ့ပေမယ့် ဒီရာသီမှာတော့ သူ့ရဲ့ ဘာစီလိုနာက အတော်လေးကို ခြေစွမ်းပိုင်း ယိမ်းယိုင်နေပြီး စပိန်စူပါဖလား ဗိုလ်လုပွဲမှာလည်း မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ မရှုမလှ ရှုံးနိမ့်ထားပါတယ်။

Photo Credit: Standard

ဘာစီလိုနာက စူပါဖလားကို လက်လွှတ်ခဲ့ရသလို လာလီဂါပြိုင်ပွဲမှာလည်း အဆင့်(၁)နေရာမှာ ရပ်တည်နေတဲ့ ဂျီရိုနာနဲ့ ရမှတ် ၈မှတ် အထိ ကွာဟနေတာကြောင့် ချန်ပီယံ ဖြစ်ဖို့ ခက်ခဲနေပြီး လက်ရှိခြေစွမ်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့လည်း မလွယ်ကူပါဘူး။

ဒါကြောင့် ဘာစီလိုနာက ဖလားလက်မဲ့ရာသီ မကြုံရဖို့ ကိုပါဒယ်ရေးကို အားစိုက် ယှဉ်ပြိုင်ဖို့ လိုအပ်ခဲ့ပေမယ့် ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ဘာစီလိုနာတို့ရဲ့ ကွာတားဖိုင်နယ်ပွဲမှာ ဘာစီလိုနာဟာ ဘီလ်ဘာအိုကို သာမန် ပွဲကစားချိန် အတွင်းမှာ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပေမယ့် အချိန်ပို မိနစ် ၃၀မှာ သွင်းဂိုး ၂ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာကြောင့် ၄-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြန်ပါတယ်။

Photo Credit: Forbes

ကိုပါဒယ်ရေးပြိုင်ပွဲ ကနေ ထွက်ခဲ့ရပြီးနောက် ဘာစီလိုနာက ဇာဗီကို ရာထူးကနေ ထုတ်ပယ်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဇာဗီကလည်း သူဟာ ဘာစီလိုနာ အတွက် ဆုဖလားတွေ မယူပေးနိုင်ရင် ရာသီကုန်မှာ အသင်းကို စွန့်ခွာရလိမ့်မယ်လို့ ဝန်ခံလာခဲ့ပါတယ်။

ဇာဗီက – “တကယ်လို့ ရာသီကုန်ချိန်မှာသာ ကျွန်တော်တို့က ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုးမှာ မရှိခဲ့ရင် ကျွန်တော်ဟာ ရာထူးကနေ နုတ်ထွက်ရမှာပါ။ ကျွန်တော်က ဘယ်အသင်းကို ကိုင်တွယ်နေရတာလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ ဘာစီလိုနာက ထိပ်တန်းအသင်းပါ။ ဘာစီလိုနာကို ကိုင်တွယ်နေရရင် ခင်ဗျားက အမြဲတမ်း ဆုဖလားတွေ ယူပေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင်တော့ ရာထူးကနေ ထုတ်ပယ်ခံရမယ့် အရေးနဲ့ ရင်ဆိုင်ရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။