လေဗာကူဆင်အသင်းရဲ့ နည်းပြဖြစ်သူ ဇာဘီ အလွန်ဆိုက ဝါဒါဘရီမင်အသင်းကို (၅)ဂိုးပြတ်နဲ့ အနိုင်ယူပြီးနောက် နှစ်ပေါင်း (၁၂၀)အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ဘွန်ဒက်စ်လီဂါ အမှတ်ပေး ချန်ပီယံ ဖြစ်လာခဲ့ခြင်းကို အလွန်အမင်း ဝမ်းမြောက်လျက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လေဗာကူဆင်အသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး အသင်းကို တန်းဆင်းဇုန်ထဲကနေပါ ပြန်လည် စွဲတင်ခဲ့ရတဲ့ အလွန်ဆိုဟာ အခုရာသီမှာဆိုရင်တော့ အသင်းကို လုံးဝ ရှုံးပွဲမရှိအောင်ပါ စွမ်းဆောင်ပေးထားသလို ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကိုလည်း ရယူပေးထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဂျာမန် ဘီလူးကြီးလို့ခေါ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကပဲ (၁၁)ရာသီဆက်တိုက်အထိ လွှမ်းမိုးလို့ထားပြီး သူတို့အသင်းကို ကျော်လွန်ကာ ချန်ပီယံဖြစ်ဖို့က အတော်လေးကို ခဲယဉ်းပါတယ်။

အခုတော့ အလွန်ဆိုဟာ ဘိုင်ယန်ကို ကျော်လွန်ပြီး ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ဆွတ်ခူးအောင် စွမ်းဆောင်ခဲ့တဲ့အပြင် ရှုံးပွဲမရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံပါ ဖြစ်လာဖို့လည်း အလားအလာ အလွန်ကောင်းနေရပါတယ်။

Photo Credit : SuperSport

အခုလို ချန်ပီယံ ဖြစ်လာခဲ့ရတဲ့အပေါ် အလွန်ဆိုက “ဒါဟာ အရမ်းကောင်းတယ်လို့ ခံစားရတယ်။ ဒါက ကျွန်တော်တို့အတွက်တင် မကပဲ နှစ်ပေါင်းများစွာ ဒီအိမ်မက်ကို လိုက်လျှောက်လှမ်းနေတဲ့သူတွေ အများကြီးအတွက်ပါပဲ။ အရင်က နည်းပြတွေလည်း ပါဝင်ပါတယ်။ အရာအားလုံးအတွက် ပထမဆုံးအကြိမ် ဖြစ်ရတာက အရမ်းထူးခြားပါတယ်။ နောက်ပြီး ဒါက အခက်ခဲဆုံး ချန်ပီယံလည်း ဖြစ်နိုင်ပါတယ်။”

“ဒါက ကလပ်အသင်းအတွက် ထူးခြားတဲ့ အခိုက်အတန့်ပါပဲ။ နှစ်ပေါင်း (၁၂၀)အတွင်း ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါဖလားကို ဆွတ်ခူးနိုင်ခြင်းဟာ အလွန်ထူးခြားတဲ့ အရာပါပဲ။ ကစားသမားတွေကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ဒီက လူတိုင်းအတွက် အရမ်းဂုဏ်ယူမိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။