မန်ချက်စတာယူနိုက်တက်ဒ်အသင်းရဲ့ ကစားသမားသစ်ဖြစ်သူ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်က ယူနိုက်တက်ဒ်အသင်းမှာ သူ ဝတ်ဆင်သွားဖို့ ရွေးချယ်ခဲ့တဲ့ ကျောနံပါတ် (၂၇)နဲ့ ပတ်သတ်ပြီး ဘာကြောင့် ဒီနံပါတ်ကို ရွေးချယ်ခဲ့ရသလဲဆိုတာကို ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : The Sun Daily

အခု ဆောင်းဈေးကွက်အတွင်းမှာပဲ လိဂ်ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းကနေ ယူနိုက်တက်ဒ်အသင်းဆီကို (၆)လအငှားစာချုပ်နဲ့ ပြောင်းရွေ့ရောက်ရှိလာခဲ့တဲ့ ဗက်ဟို့စ်ဟာ ဘန်လေမှာ ကျောနံပါတ်(၉)ကို ဝတ်ဆင်ခဲ့ရပေမဲ့ ယူနိုက်တက်ဒ်မှာက ကျောနံပါတ်(၉)က အန်တိုနီမာစီယဲလ် ဝတ်ဆင်နေတာဖြစ်လို့ အသင်းမှာ လွတ်နေတဲ့ ကျောနံပါတ်တွေထဲကမှ ယူနိုက်တက်ဒ်ကနေ ဆီဗီလာအသင်းမှာ အငှားနဲ့ သွားကစားနေတဲ့ တဲလက်စ်ရဲ့ ကျောနံပါတ်(၂၇)ကို ရွေးချယ် ဝတ်ဆင်ဖြစ်ခဲ့ပါတယ်။ လွတ်နေတဲ့ ကျောနံပါတ်တွေထဲကမှ ကျောနံပါတ်(၂၇)ကိုမှ ရွေးချယ်ဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း ဗက်ဟို့စ်က ရှင်းပြသွားခဲ့ပါတယ်။

Photo Credit : talkSPORT

“အသင်းမှာ လွတ်နေတဲ့ ကျောနံပါတ်တွေထဲကမှ ကျွန်တော် (၂၇)ကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနံပါတ်နှစ်ခုကို ပေါင်းလိုက်ရင် (၉)လေ။ ဒါက အထောင်တိုက်စစ်မှူးတစ်ယောက်ရဲ့ ကျောနံပါတ်ပဲ။ အဲ့ဒါကြောင့် ကျွန်တော် အဲ့ဒီနံပါတ်ကိုပဲ ဝတ်ဆင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီကျောနံပါတ်က အဲလက်စ်တဲလက်စ်ရဲ့ နံပါတ်ဆိုတာက ကျွန်တော် သိထားပါတယ်။ သူက အငှားထွက်ကစားနေလို့ ဒီနံပါတ်က လွတ်နေတဲ့အတွက် ဒီနံပါတ်နဲ့ ပတ်သတ်ပြီး တဲလက်စ်ကို ကျွန်တော်မေးခဲ့ပါသေးတယ်။ သူကလည်း အဆင်ပြေပါကြောင်း ပြောဆိုခဲ့တယ်။ အခုလို ကြည်ကြည်ဖြူဖြူ ဝတ်ဆင်ခွင့်ပေးခဲ့တဲ့ တဲလက်စ်ကို ကျေးဇူးတင်မိပါတယ်”လို့ ဗက်ဟို့စ်က ရှင်းပြသွားခဲ့ပါတယ်။ ဝုလ်ဖ်ဘတ် ကစားသမားဟောင်း ဗက်ဟို့စ်ဟာ ဒီရာသီအစမှာ တူရကီကလပ် ဘက်ဆစ်တပ်အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေရပေမဲ့ ယူနိုက်တက်ဒ်အသင်းက သူ့ကို ဆောင်းဈေးကွက်ထဲမှာ အရ ခေါ်ယူချင်လာတာကြောင့် ဘက်ဆစ်တပ်ဆီ အငှားဖျက်သိမ်းကြေး ပေးဆောင်ပြီး ဘန်လေက (၆)လ ထပ်ငှားခဲ့တာ ဖြစ်ပါတယ်။ ဗက်ဟို့စ်ဟာ ဒီနေ့ညမှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်သွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ အသင်းအတွက် စတင် ပါဝင်ပေးနိုင်ဖွယ် ရှိနေပါတယ်။