မနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာ ၁-၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်တိုက်စစ်မှူး နစ်ခ် ဗောလ်တီမာဒါက အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်နဲ့ ကွင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် အငြင်းပွားမှုအကြောင်း ဖွင့်ဟပြောကြားလိုက်ပါတယ်။ သူက ဘရာဇီးလ်နောက်ခံလူဟာ သူ့ကို တံတောင်နဲ့ မျက်နှာကို တိုက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပွဲရဲ့ဦးဆောင်ဂိုးကို ဗောလ်တီမာဒါက ဂါဘရီရယ်ကို ကျော်ဖြတ်ပြီး သွင်းယူပေးခဲ့ပေမယ့် အာဆင်နယ်ကတော့ နာကျင်အချိန်ပို (၆)မိနစ်မှာ ဂါဘရီရယ်ရဲ့ သွင်းဂိုးနဲ့အတူ အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့ပါတယ်။ဦးဆောင်ဂိုးသွင်းပြီးနောက်မှာ ဗောလ်တီမာဒါဟာ ဂါဘရီရယ်ရဲ့ တံတောင်နဲ့ မျက်နှာကို အရိုက်ခံခဲ့ရပုံပေါ်ပေမယ့် ဒိုင်လူကြီးက ဘာအရေးယူမှုမှ မလုပ်ခဲ့ပါဘူး။ ဒီအဖြစ်အပျက်ကြောင့် ကစားသမားနှစ်ဦးကြားမှာ အခြေအတင်စကားများမှု ဖြစ်ပွားခဲ့ပြီး ဒိုင်လူကြီးက ဝင်ရောက်ထိန်းသိမ်းခဲ့ရပါတယ်။

Photo Credit : Sky Sports

ပွဲအပြီးမှာတော့ ဗောလ်တီမာဒါက Sky Sports ကို “ဂိုးသွင်းပြီးနောက်မှာ သူ့တံတောင်က ကျွန်တော့်မျက်နှာကို လာထိတယ်လို့ ခံစားလိုက်ရတယ်။ သူ့လက်က တော်တော်လေး မြင့်နေမှ ဖြစ်မှာ။ ကျွန်တော် ဒိုင်လူကြီးကို မျက်နှာမှာ တစ်ခုခုလာထိတယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူက ‘ဆောရီး’ လို့ လာပြောတယ်။”

“ဒါကြောင့် သူ ကျွန်တော့်မျက်နှာကို တိုက်ခဲ့တယ်ဆိုတာ သူကိုယ်တိုင်အသိဆုံးလို့ ကျွန်တော်ထင်တယ်။ ရိုးရိုးသားသားပြောရရင် ဒီလိုအခြေအနေမျိုးကို ကျွန်တော်မကြိုက်ဘူး။ ကွင်းထဲမှာ တစ်ခုခုလုပ်ပြီး စက္ကန့်ပိုင်းအကြာမှာ ဆောရီးလို့ လာပြောတာက ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူး။ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုမျိုးကို ကျွန်တော်ကြိုက်တယ်။ ဒါပေမဲ့ အမြဲတမ်း မျှတနေရမယ်။ သူ့တံတောင်က ကျွန်တော့်မျက်နှာမှာ ရှိမနေသင့်ဘူး။” လို့ ရှင်းပြခဲ့ပါတယ်။

Photo Credit : Goal

ဗောလ်တီမာဒါက သူဟာ ဟန်ဆောင်လှဲချတတ်တဲ့ ကစားသမားမျိုးမဟုတ်ကြောင်းကိုလည်း အလေးအနက်ထား ပြောကြားခဲ့ပါတယ်။ “ကျွန်တော်က ဒီလိုကိစ္စမျိုးအတွက် လှဲချတတ်တဲ့ ကစားသမားမျိုး မဟုတ်ဘူး။ တစ်ခါတလေ ဒီလိုလုပ်မှ အဆင်ပြေနိုင်ပေမယ့် ဒါက ကျွန်တော့်ရဲ့ ဘောလုံးကစားပုံမဟုတ်ဘူး။ ကျွန်တော်က မတ်မတ်ရပ်ပြီး ကိုယ့်ဂိမ်းကိုပဲ ကစားချင်တယ်။ ဟန်ဆောင်မှုတွေကို အသုံးမပြုချင်ဘူး” လို့ သူက ဆိုပါတယ်။

နယူးကာဆယ်အသင်းဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာ ယူနီယံ စိန့်လွိုက်ဆီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဗောလ်တီမာဒါကတော့ သူ့ရဲ့ ပွဲထွက်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ် ရှိနေပါတယ်။