လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ရဲ့ ဝါရင့် တောင်ပံ ကစားသမား ဖြစ်သူ ဝီလီယံက ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လိမ့်မယ်လို့ သတင်းကြီးနေတဲ့ ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရင်လည်း ခြေစွမ်းကောင်းတွေ ပြသနိုင်လိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘရာဇီးလ် အသင်းခေါင်းဆောင် တိုက်စစ်မှူး နေမာက လက်ရှိ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ပီအက်စ်ဂျီက နေမာရဲ့ မကြာခဏ ဒဏ်ရာရရှိမှုနဲ့ လုပ်ခလစာ ကြီးမြင့်မှုတို့ကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ နေမာကို ပြန်လည် ရောင်းထုတ်ချင်နေပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ ပရီးမီးယားလိဂ် နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်လ်ဆီးတို့က နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကြားခံလူတွေကို အသုံးချကာ ပီအက်စ်ဂျီနဲ့ နေမာထံ ဆက်သွယ်ကာ နေမာကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

ချယ်လ်ဆီးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို ဘရာဇီးလ်အသင်းမှာ နေမာနဲ့ အချိန်အတော်ကြာ တွဲဖက် ကစားခဲ့ဖူးတဲ့ ဝါရင့် တောင်ပံကစားသမား ဝီလီယံကလည်း နေမာသာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရင် ပရီးမီးယားလိဂ်ဟာ အတော်လေး စိတ်ဝင်စားစရာ ကောင်းမှာ ဖြစ်သလို နေမာက ဘယ်အသင်းမှာမဆို ခြေစွမ်းကောင်းတွေ ပြနိုင်လိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Four Four Two

ဝီလီယံက – “နေမာက သူ့မှာ ရှိတဲ့ အရည်အသွေးတွေကြောင့် ဘယ်အသင်းမှာမဆို ခြေစွမ်းကောင်းတွေ ပြသနိုင်မယ့် ကစားသမားမျိုးပါ။ သူက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းဆီ ပြောင်းပြောင်း ၊ သူ့ရဲ့ ပါရမီနဲ့ အရည်အသွေးတွေကြောင့် အလွယ်တကူ ခြေစွမ်းကောင်းတွေ ပြနိုင်ပါလိမ့်မယ်။ နေမာကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြင်ရမယ် ဆိုရင် အတော်လေး ကောင်းပါလိမ့်မယ်။ သူက ဘယ်အသင်းဆီရောက်ရောက် ဘောလုံးကို လှပအောင် ကစားနိုင်ပါတယ်။ သူက ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်အသင်းကိုပဲ ရောက်ရောက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် ကစားသမားပါ။ ဒါကြောင့် သူသာ မန်ချက်စတာ ယူနိုက်တက်မှာ ကစားဖို့ စိတ်ကူးရှိရင် သူ့ကို မန်ချက်စတာ ယူနိုက်တက်မှာ မြင်ရမယ်လို့ပဲ ပြောချင်ပါတယ်။ ယူနိုက်တက်က ကြီးကျယ်ခမ်းနားတဲ့ ကလပ်တခုပါ။ တကယ်လို့ သူသာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရင် သူက ကြီးကျယ် ခမ်းနားတဲ့ ကလပ်တခုမှာ ကစားခွင့် ရမှာပါ။ မန်ချက်စတာ ယူနိုက်တက်က ဆုဖလားတွေ အများကြီး ဆွတ်ခူးခဲ့ဖူးတဲ့ အသင်းပါ။ ယူနိုက်တက်က လီဗာပူး ၊ အာဆင်နယ် ၊ ချယ်လ်ဆီး စတဲ့ ထိပ်တန်းအသင်းတွေနဲ့ တတန်းထဲ ရှိတဲ့ ထိပ်တန်းအသင်းပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နေမာကို ပီအက်စ်ဂျီကနေ အပြီးသတ် ခေါ်ယူချင်ရင် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် သုံးစွဲရနိုင်ချေ ရှိနေပြီး လက်ရှိမှာတော့ ယူနိုက်တက်က နေမာကို တရာသီအငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။