မကြာသေးမီကပဲ ဘရာဇီးလ်ကလပ် ကိုရင်သီယန် ကနေ ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဝါရင့် တောင်ပံတိုက်စစ် ကစားသမား ဝီလီယံကတော့ သူဟာ အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပြန်လည် ရင်ဆိုင်ရတဲ့ ပွဲမှာသာ သွင်းဂိုး သွင်းယူနိုင်ရင် အောင်ပွဲခံသွားမှာ မဟုတ်ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကတိပေးသွားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် ဝါရင့် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမားကြီး ဝီလီယံက ချယ်လ်ဆီး ၊ အာဆင်နယ် စတဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေမှာ ကစားခဲ့ဖူးသူ ဖြစ်ပြီး သူဟာ ချယ်လ်ဆီး အတွက် ၇ရာသီ အထိ ပါဝင် ကစားပေးခဲ့ကာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဆုဖလား ၂ကြိမ် ၊ ယူရိုပါလိဂ် ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကာရာဘောင်းဖလား ၁ကြိမ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါကြောင့်ပဲ ချယ်လ်ဆီး ပရိသတ်တွေက ဝီလီယံကို အသင်းရဲ့ ဂန္တဝင် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ထားကြပြီး ဝီလီယံကလည်း သူ ကစားခဲ့ဖူးတဲ့ အသင်းတွေ အားလုံးထဲမှာ ချယ်လ်ဆီးကိုသာ သံယောဇဉ် အရှိဆုံး ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝီလီယံက ဖူလ်ဟမ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ကြိုးစားနေပြီး ဖူလ်ဟမ်အတွက် ၂ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဖူလ်ဟမ်ပရိသတ်တွေက ဝီလီယံဟာ ချယ်လ်ဆီးနဲ့ တွေ့ရင် သွင်းဂိုးတွေ သွင်းယူနိုင်လိမ့်မယ်လို့ ကြွေးကြော်နေကြပြီး ဝီလီယံကတော့ သူဟာ ချယ်လ်ဆီးနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ သွင်းဂိုး သွင်းယူဖို့ အခွင့်အရေး ရရင် ဂိုးသွင်းဖို့ ဆုံးဖြတ်ထားပေမယ့် အောင်ပွဲခံမှာတော့ မဟုတ်ကြောင်း အတည်ပြု ပြောကြားသွားပါတယ်။

Photo Credit: Sky Sports

ဝီလီယံက – “တကယ်လို့ ကျွန်တော်ကသာ ချယ်လ်ဆီးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားရမယ့် ပွဲမှာ ဂိုးသွင်းခွင့် ရလာမယ် ဆိုရင် သွင်းဂိုး ရအောင် သွင်းမှာပါ။ ဒါပေမယ့် ကျွန်တော်က အောင်ပွဲခံမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်က ချယ်လ်ဆီးကို လေးစားမှု ပေးရပါမယ်။ ကျွန်တော်က ချယ်လ်ဆီး အတွက် ၇နှစ်ကြာအောင် ကစားပေးခဲ့သလို အသင်းနဲ့ ပရိသတ်တွေအပေါ်လည်း လေးစား ချစ်ခင်နေဆဲပါ” လို့ ပြောကြားသွားခဲ့တာပါ။