မကြာခင်မှာ လီဗာပူးလ်အသင်းရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ့် ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ဟာ အရင်က လီဗာပူးလ်ရဲ့ တိုက်စစ်မှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဥရုဂွေးတိုက်စစ်မှူးကြီး လူးဝစ်ဆွာရက်ဇ်လက်သစ် ဖြစ်လာနိုင်လေမလား ဆွာရက်ဇ်လို လီဗာပူးလ်ကို အကျိုးပြုနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်နိုင်မလားဆိုတဲ့ မေးခွန်းတွေက ဒီရက်ပိုင်းမှာ တော်တော်လေးကို ဆူဆူညံ့ညံ့နဲ့ ထွက်ပေါ်လာခဲ့ပါတယ်။

Darwin Nunez Liverpool GFX

Photo Credit : Goal

အသင်းရဲ့ တိုက်စစ်(၃)ဦးမှာ လူးဝစ်ဒီးယက်ဇ်ကို ဘယ်ခြမ်း မိုဟာမက်ဆာလာကို ညာခြမ်းနဲ့ ဆာဒီယိုမာနေးကို အထောင်တိုက်စစ် နေရာတွေမှာ အသုံးပြုတတ်တဲ့ လီဗာပူးလ်အသင်းဟာ အခုလက်ရှိမှာ မာနေးကို လက်လွတ်ရတော့မယ့် အခြေအနေမျိုး ရောက်ရှိနေတဲ့အတွက် No(9) Role အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သူတို့အသင်းဘက်ကို ဂိုးသွင်းထားနိုင်ခဲ့သူ ဒါဝင်နူနက်ဇ်ကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဘင်ဖီကာ တိုက်စစ်ကစားသမား နူနက်ဇ်ဟာ ဥရောပ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ကစားသမား ဖြစ်ပေမယ့် ဒီအသင်းတွေ အားလုံးထက် လီဗာပူးလ်က နူနက်ဇ်ကို ပြောင်းရွှေ့ကြေး+အပိုဆုကြေး ယူရိုသန်း(၁၀၀)နဲ့ လက်ဦးမှု ရယူနိုင်ခဲ့တာကြောင့် မကြာခင်မှာပဲ နူနက်ဇ်ဟာ လီဗာပူးလ် ကစားသမားတစ်ဦး ဖြစ်လာပါတော့မယ်။

Image

Photo Credit : Twitter

လက်ရှိမှာ အသက်(၂၂)နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်အမေရိက တိုက်စစ်ကစားသမား နူနက်ဇ်က ဥရုဂွေးထိပ်သီးကလပ် ပင်နဲရိုးအသင်းရဲ့ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ပင်နဲရိုး စီနီယာအသင်းအတွက် (၂၂)ပွဲ ကစား (၄)ဂိုး သွင်းယူနိုင်ခဲ့ကာ ၂၀၁၉မှာပဲ စပိန်ကလပ် အယ်လ်မီရီးယားကို ပြောင်းရွှေ့ခဲ့သလို အသင်းအတွက် တစ်ရာသီတည်း (၁၆)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ အယ်လ်မီရီးယားနဲ့ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ဘင်ဖီကာအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ နူနက်ဇ်ဟာ အခုဆိုရင် ဘင်ဖီကာနဲ့ (၂)ရာသီ ဖြတ်သန်းပြီးနောက်မှာ (၂)ရာသီအတွင်း သွင်းဂိုး (၄၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဒီကနေ့မှာပဲ နူနက်ဇ်ရဲ့ ဘင်ဖီကာအသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်း အပါအဝင် အပိုဆုကြေးတွေနဲ့အတူ ယူရိုသန်း(၁၀၀)နဲ့ ရောင်းချသွားဖို့ သဘောတူညီလိုက်ပြီလို့ သဘောတူညီထားတယ်လို့ ထုတ်ပြန်လာခဲ့ပါတယ်။ ဒါကြောင့် ဇူလိုင်(၁)ရက်နေ့မှာ လီဗာပူးလ် ကစားသမား ဖြစ်လာတော့မယ့် နူနက်ဇ်ဟာ သူရဲ့ ဥရုဂွေးစီနီယာကြီး ဆွာရက်ဇ်လို လီဗာပူးလ်အတွက် သွင်းဂိုးတွေများစွာ ရယူပေးနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။