အာဆင်နယ်အသင်းဟာ ဒီ ၂၀၂၄ခုနှစ်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲ မန်စီးတီး တစ်သင်းတည်းကိုသာ ဂိုးမရှိသရေ ကစားထားရင်း ကျန်တဲ့ ပွဲတွေကိုတော့ လုံးဝ နိုင်ပွဲရအောင် ကစားနိုင်ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေ အားကောင်းလာခဲ့ပါတယ်။

အာဆင်နယ်က လက်ရှိမှာ အလွန်ကို in-form ဖြစ်နေတဲ့ အသင်းဖြစ်တာကြောင့် ပရီးမီးယားလိဂ်ဖလားအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ချန်ပီယံ ဖြစ်လာနိုင်ဖို့ ထိပ်ဆုံးနေရာနားကနေ ရေပန်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် အာဆင်နယ်က ဗီလာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အိမ်ကွင်းပွဲစဉ်မှာတော့ ဘယ်သူမှ မျှော်လင့်မထားတဲ့ ရလဒ်နဲ့ပါ အရှုံးပေးခဲ့ရပါတယ်။

Photo Credit : beIN SPORTS

အာဆင်နယ်က ဒီရာသီမှာ အသင်းနည်းပြဟောင်း အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းကို နှစ်ကျော့လုံး အရှုံးပေးခဲ့ရပြီး ခုအိမ်ကွင်းမှာ အရှုံးပေးခဲ့ရတာက အာဆင်နယ်အတွက် အတော်လေး ထိုးနှက်ချက်ကြီး ဖြစ်စေရပါတယ်။

တကယ်တော့ အာဆင်နယ်က ဒီပွဲမကစားရခင် လီဗာပူးလ်အသင်း ရှုံးပွဲ ကြုံထားတာကို အခွင့်ကောင်းယူသင့်ခဲ့ပေမယ့်လည်း သူတို့ပါ ရှုံးနိမ့်သွားခဲ့တာကြောင့် ဒီရလဒ်တွေက မန်စီးတီးအတွက် စိတ်ကျေနပ်စရာတွေ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : The Independent

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး အာတီတာက “တကယ်လို့ ရလဒ်တစ်ခုကသာ ကျွန်တော်တို့ကို ပိတ်ဆို့သွားမယ်ဆိုရင် ဒါက ကျွန်တော်တို့မှာ ခိုင်မာမှု မရှိဘူးဆိုတာကို ပြသနေပါလိမ့်မယ်။ ချန်ပီယံ ဆုဖလားတွေကို လိုချင်တယ်ဆိုရင်တော့ ဒီလို အခိုက်အတန့်မျိုးနဲ့ ရင်ဆိုင်ရချိန်မှာ ကျွန်တော်တို့တွေ ပြန်ထနိုင်ဖို့ လိုအပ်ပါမယ်။”

“ကမ္ဘာပေါ်မှာရှိတဲ့ တခြားအမှတ်ပေးလိဂ်တွေမှာဆိုရင်တော့ ကျွန်တော်တို့အသင်းလို ပွဲဆက်အများကြီး အနိုင်ရနေမယ်ဆိုရင် ဇယားထိပ်မှာ (၆)မှတ်ကနေ (၈)မှတ်အထိတောင် ဖြတ်တောက်ထားနိုင်လောက်ပါပြီ။ ဒါပေမယ့် ဒီမှာတော့ အဲ့ဒီလို မရနိုင်ပါဘူး။ ဒါက စိန်ခေါ်မှုတစ်ရပ်ပါပဲ။” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။