ဝက်စ်ဟမ်းအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့အတွက် ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေကို ပြန်လည် ပြုလုပ်သွားတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ရပါတယ်။
ဝက်စ်ဟမ်းက မက်ဂွိုင်းယားကို ခေါ်ယူဖို့အတွက် ပေါင် သန်း(၃၀)နဲ့ ကမ်းလှမ်းထားခဲ့ရာ ဒီကမ်းလှမ်းမှုကိုလည်း ယူနိုက်တက်အသင်းဘက်က သဘောတူထားခဲ့ပေမယ့်လည်း မက်ဂွိုင်းယားနဲ့ သဘောတူညီချက် ရဖို့ ကြန့်ကြာနေခဲ့ရတာကြောင့် ဝက်စ်ဟမ်းက အာဆင်နယ် ကစားသမားဟောင်း မာဗရိုပါနော့စ်ကိုပဲ ခေါ်ယူလိုက်ပါတယ်။
Photo Credit : Sky Sports
တကယ်တော့ မက်ဂွိုင်းယားက ဝက်စ်ဟမ်းမှာ တစ်ပတ်လုပ်ခ ပေါင် (၁၂၀၀၀၀)သာ ရရှိသွားမှာဖြစ်ပြီး ယူနိုက်တက်မှာ ရရှိနေတာထက် (၇၀၀၀၀)ထိ လျော့နည်းသွားမှာ ဖြစ်လို့ ယူနိုက်တက်ဘက်က မက်ဂွိုင်းယားအတွက် ပေါင် (၆)သန်းကို အပိုဆုကြေးအနေနဲ့ ပေးချေသွားဖို့ စီစဥ်ထားရာ မက်ဂွိုင်းယားက (၆)သန်းထက် ပိုလိုချင်နေရာကနေ အပြောင်းအရွှေ့က ပိုကြန့်ကြာခဲ့ရပါတယ်။
ဒါကြောင့် ဝက်စ်ဟမ်းက သူတို့ နဂိုကတည်းက ကမ်းလှမ်းထားတဲ့ တန်ကြေး ပေါင် သန်း (၃၀)ထက် အနည်းငယ် ထပ်တိုးပေးပြီး ထပ်မံ ကမ်းလှမ်းသွားဖို့် ပြင်ဆင်နေသလို မက်ဂွိုင်းယား အပြောင်းအရွှေ့အတွက် ယူနိုက်တက်နဲ့လည်း ထပ်ပြီး ဆွေးနွေးနေပြန်ပါတယ်။
Photo Credit : Football365
ယူနိုက်တက်ကလည်း အသင်းရဲ့ ခံစစ်ပိုင်းမှာ မာတီနက်ဇ် နဲ့ ဗာရန်းတို့ကိုသာ အသုံးပြုနေပြီး လင်ဒီလော့ကိုလည်း ကစားခွင့် ပေးထားသလို အီဗန်စ်ကိုပါ တစ်နှစ်စာချုပ် ချုပ်ဆိုဖို့ပါ စီစဥ်နေတာမို့ မက်ဂွိုင်းယားရဲ့ ယူနိုက်တက် ကစားသမားဘဝက အတော်လေးကို မှေးမှိန်နေခဲ့ရပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ မက်ဂွိုင်းယားအနေနဲ့ ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားနိုင်ပါတယ်။
ယူနိုက်တက်ကလည်း မက်ဂွိုင်းယားကို ရောင်းထုတ်ပြီးတာနဲ့ အသင်းရဲ့ လိုအပ်နေတဲ့ နေရာအတွက် ကစားသမား ဖြည့်တင်းမှုတွေ ဆက်တိုက် လုပ်ဆောင်သွားဖို့ ရှိနေပြီး ဒီရက်ပိုင်းမှာပဲ ဂိုးသမား ဒင်းဟန်ဒါဆန်ကိုပါ ရောင်းချဖို့လည်း ရှိနေတာကြောင့် စျေးကွက် မပိတ်ခင်မှာ ကစားသမားသစ် (၃)ဦးခန့်လောက်အထိ ခေါ်ယူသွားဖွယ် ရှိနိုင်ပါတယ်။