ဝက်စ်ဟမ်းအသင်းကတော့ အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဒက်ကလန် ရိုက်စ်ကို ရောင်းချခဲ့ပြီးတဲ့နောက် သူ့နေရာမှာ အစားထိုးသွားဖို့ ကွင်းလယ် ကစားသမား များစွာကို ပစ်မှတ်ထားနေရာ အဲ့ဒီထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ စကော့တလန် ကွင်းလယ်လူ တွမ်မီနေးလည်း ပါဝင်လာခဲ့ပါတယ်။

ရိုက်စ်ကို အာဆင်နယ်အသင်းဆီ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောင်းချခဲ့တဲ့ ဝက်စ်ဟမ်းက ရိုက်စ်ရဲ့ ကွက်လပ်ကို ပြန်လည် ဖြည့်တင်းနိုင်ဖို့ ဖူလ်ဟမ်ရဲ့ ပါလင်ညာ နဲ့ ချယ်လ်ဆီးရဲ့ ဂယ်လာဂါတို့ကို ပစ်မှတ်ထား ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ပယ်ချခံထားရလို့ ယူနိုက်တက် ကွင်းလယ်လူ တွမ်မီနေးဘက်ကို အာရုံစိုက်လာခဲ့ပဲ ဖြစ်ပါတယ်။

Photo Credit : Red Devil Armada

မန်ယူနိုက်တက်ကလည်း ဒီနွေမှာ ချယ်လ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူထားခဲ့သလို ရာသီကြို ခြေစမ်းပွဲတွေမှာလည်း လူငယ် ကွင်းလယ် ကစားသမားလေး မိုင်နူး ခြေစွမ်းပြနေမှုကြောင့် ဖရက်ဒ် တွမ်မီနေးတို့လို ကွင်းလယ်လူတွေ လာမယ့် ရာသီမှာ သေချာပေါက် ပွဲကစားခွင့် နည်းပါးရဖို့ ရှိနိုင်တာကြောင့် ဒီကစားသမား (၂)ယောက်ထဲက တစ်ယောက်မဟုတ် တစ်ယောက် ဒါမှမဟုတ်လည်း (၂)ယောက်လုံး လက်လွတ်သွားရနိုင်ပါတယ်။

ယူနိုက်တက်အနေနဲ့လည်း ဖရက်ဒ် နဲ့ တွမ်မီနေး (၂)ဦးထဲက ဖရက်ဒ်ကို ပိုမို ရောင်းချချင်နေတယ် ဆိုပေမယ့်လည်း တကယ်လို့ တွမ်မီနေးအတွက်ကိုလည်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ကမ်းလှမ်းလာမယ်ဆိုရင်တော့ တွမ်မီနေးကိုပါ အသင်းကနေ ထွက်ခွာခွင့်ပြုသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် ခက်တာက ဝက်စ်ဟမ်းဟာ ရိုက်စ်ကိုသာ အာဆင်နယ်အသင်းဆီ ပေါင် သန်း (၁၀၀)ကျော်နဲ့သာ ရောင်းချခဲ့ပြီး ရိုက်စ်နေရာမှာ ပြန်လည် ဖြည့်တင်းဖို့အတွက်ကိုတော့ အသုံးစရိတ်ကို အရမ်း မသုံးလိုပဲ ရှိနေရာ အခုလည်း တွမ်မီနေးကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းချင်တဲ့ fees နဲ့ ယူနိုက်တက်က တွမ်မီနေးအတွက် အလိုရှိနေတဲ့ asking fees က ကွာဟလျက် ရှိနေပါတယ်။

ဝက်စ်ဟမ်းက လတ်တလောမှာ ယူနိုက်တက်ရဲ့ ကစားသမားတွေဖြစ်တဲ့ တွမ်မီနေး နဲ့ မက်ဂွိုင်းယားတို့ကို စိတ်ဝင်စားနေပြီး ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း မက်ဂွိုင်းယားကိုတော့ အငှား ကမ်းလှမ်းမှု လုပ်ဆောင်ထားခဲ့ပေမယ့် ယူနိုက်တက်ဘက်ကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချထားခဲ့ပါတယ်။