ဝက်စ်ဟမ်းအသင်းကတော့ အေဂျက်စ်အသင်းရဲ့ ဂါနာ ကြယ်ပွင့် ကစားသမား မိုဟာမက် ကူဒက်စ်ကို အသင်းဆီ ခေါ်ဆောင်သွားနိုင်ဖို့ အလွန် နီးစပ်လို့နေပြီ ဖြစ်တယ်လို့ ဗြိတိန် နာမည်ကြီး ဘောလုံး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။

ဝက်စ်ဟမ်းက ကူဒက်စ်ကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး အသင်းဆီ အရ ခေါ်ယူနိုင်ဖို့အတွက် တောက်လျှောက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ရာ လက်ရှိ ဝက်စ်ဟမ်းဘက်က ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်း + အပိုဆုကြေး ပေါင် (၂.၆၅)သန်းနဲ့ တရားဝင် ကမ်းလှမ်းထားပြီး ဒီကမ်းလှမ်းမှုကိုလည်း အေဂျက်စ်ဘက်က လက်ခံသွားဖွယ် ရှိနေပါတယ်။

Photo Credit : Football Talk

အသက် (၂၃)နှစ်အရွယ် ဂါနာ လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား ကူဒက်စ်ကို ပရီးမီးယားလိဂ်က အာဆင်နယ် ချယ်လ်ဆီး ဘရိုက်တန်တို့ လိုက်နေရင်း ဝက်စ်ဟမ်းကပါ ဒီ race ထဲကို ဝင်ရောက်လာပြီး လက်ရှိမှာတော့ ကူဒက်စ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုပါ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေမှာ ဝက်စ်ဟမ်းက ကူဒက်စ်ကို အရ ခေါ်ယူနိုင်ဖို့အတွက် အေဂျက်စ်အသင်းဆီ ကမ်းလှမ်းမှုတွေ ပို့ဆောင်ထားရာ အေဂျက်စ်ကလည်း ဝက်စ်ဟမ်းရဲ့ ကမ်းလှမ်းမှုတွေကို ဆက်တိုက် ပယ်ချခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် အခု နောက်တစ်ကြိမ် ဝက်စ်ဟမ်းရဲ့ ပေါင် (၃၇.၆၅)သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ အေဂျက်စ်ဘက်က လက်ခံသွားဖွယ် ရှိနိုင်ပြီး ကူဒက်စ်ဟာလည်း ဒီနွေမှာပဲ သူ့အသင်းဖော်ဟောင်း အက်ဆင် အယ်လ်ဗာရက်ဇ်နဲ့အတူ အေဂျက်စ်ကနေ ဝက်စ်ဟမ်းဆီ ပြောင်းရွှေ့မယ့် ဒုတိယမြောက် ကစားသမား ဖြစ်လာပါတော့မယ်။

ဝက်စ်ဟမ်းကတော့ အသင်းခေါင်းဆောင် ဒက်ကလန်ရိုက်စ်ကို အာဆင်နယ်ဆီ ပေါင် (၁၁၅)သန်းနဲ့ ရောင်းချပြီးနောက်ပိုင်း အယ်လ်ဗာရက်ဇ် ၊ ဂျိမ်းစ် ဝက်ပရောက် နဲ့ မာဗရိုပါနော့စ်တို့ကို ပြန်လည် ခေါ်ယူ ဖြည့်တင်းထားခဲ့ပါတယ်။