ဝက်စ်ဟမ်းအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူနိုင်ဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း(၃၀)အထိ တိုးမြှင့် ကမ်းလှမ်းလိုက်ကြောင်း သိရှိထားရပါတယ်။

ဝက်စ်ဟမ်းက ယူနိုက်တက် ကစားသမားနှစ်ဦးဖြစ်တဲ့ မက်ဂွိုင်းယား နဲ့ တွမ်မီနေးတို့ကို စိတ်ဝင်စားနေတာဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် နောက်ခံလူ မက်ဂွိုင်းယားအတွက်ကိုလည်း ပေါင် သန်း(၂၀)နဲ့ ကမ်းလှမ်းထားခဲ့ဖူးပေမယ့်လည်း ဒီကမ်းလှမ်းချက်ကိုတော့ ယူနိုက်တက်ဘက်က ပယ်ချထားခဲ့ပါသေးတယ်။

Photo Credit : Sky Sports

အခုတော့ ဝက်စ်ဟမ်းဟာ ဒီနွေဈေးကွက် မပိတ်သိမ်းခင်မှာပဲ မက်ဂွိုင်းယားကို အသင်းဆီ အရ ခေါ်ဆောင်နိုင်ဖို့အတွက် ကနဦး ကမ်းလှမ်းထားတဲ့ တန်ကြေးကို နောက်ထပ် (၁၀)သန်း တိုးပေးပြီး ထပ်မံ ကမ်းလှမ်းထားသလို အသင်းနှစ်သင်းကြား တိုက်ရိုက် ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်လျက် ရှိနေပါတယ်။

ဒီလို အသင်းနှစ်သင်းကြား ဆွေးနွေးမှုတွေ ရှိနေသော်လည်း ဝက်စ်ဟမ်းအနေနဲ့ မက်ဂွိုင်းယားထံကိုတော့ တိုက်ရိုက် ဆက်သွယ်မှု လုပ်ဆောင်ထားခြင်း မရှိသေးဘူးလို့ အပြောင်းအရွှေ့ ဂုရုကြီး ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Stretty News

ယူနိုက်တက်အသင်းမှာ ပွဲထွက်ကစားခွင့် ရဖို့ အလားအလာ အလွန် နည်းပါးနေရတဲ့ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအပြင် တခြား ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြောင်း ရိုမာနိုက သူရဲ့ တွစ်တာမှာ ဖော်ပြခဲ့ပါသေးတယ်။

ယူနိုက်တက်ကတော့ မက်ဂွိုင်းယားကို ရောင်းချဖြစ်ခဲ့မယ်ဆိုရင် နိုက်စ်အသင်းရဲ့ ပြင်သစ် နောက်ခံလူ တိုဒီဘိုကို အစားထိုး ခေါ်ယူဖို့ တစ်ခါတည်း ပြင်ဆင်ထားပြီး ချိတ်ဆက်မှုတွေလည်း ပြုလုပ်ထားသလို အခုလအထိ ကာလတို စာချုပ် ချုပ်ဆိုထားတဲ့ အီဗန်စ်ရဲ့ အနာဂတ်ဟာလည်း မက်ဂွိုင်းယားအပေါ်မှာ မူတည်နိုင်ပါတယ်။