ဝက်စ်ဟမ်းအသင်းဟာ နည်းပြ လိုပက်တယ်ဂီကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာနဲ့ အစားထိုး ခန့်အပ်လိုက်တဲ့အပြင် အခုလည်း မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုပါ ချိန်ရွယ်လာနေတယ်လို့ talkSPORT ကနေ သတင်းဖော်ပြလာပါတယ်။
ရလဒ်ဆိုးတွေကြောင့် စပိန်လူမျိုး ဘောလုံးနည်းပြ လိုပက်တယ်ဂီနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ ဝက်စ်ဟမ်းအသင်းဟာ လိုပက်တယ်ဂီနဲ့ လမ်းမခွဲခင်မှာပဲ ဂရေဟမ် ပေါ်တာနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ရာ ဒီကနေ့မှာပဲ ပေါ်တာကို နည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်ခဲ့သလို ရပ်ရှ်ဖို့ဒ် race ထဲကိုပါ ရုတ်တရက် ပါဝင်လာခဲ့ပါတော့တယ်။
Photo Credit : United in Focus
ယူနိုက်တက် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘယ်လိုမှကို အားမကိုးရတော့တဲ့ အခြေအနေတွေ ဖြစ်နေတာကြောင့် အသင်းဘက်ကနေ သူ့ကို ရှင်းထုတ်ဖို့ ပြင်ဆင်လာခဲ့ရာ အခု ဆောင်းဈေးကွက်ထဲမှာပဲ ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူချင်နေတဲ့ အသင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ် တောင်ပံနဲ့ အထောင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အေစီမီလန် ဂျုဗင်တပ်စ်နဲ့ ဒေါ့မွန်တို့လို ထိပ်သီးကလပ်အသင်းတွေက ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူချင်လာခဲ့သလို ဒီရာသီထဲ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပြီး ဒီရက်ပိုင်းထဲမှာမှ နည်းပြအပြောင်းအလဲပါ လုပ်ထားရတဲ့ ဝက်စ်ဟမ်းကပါ ရပ်ရှ်ဖို့ဒ်ကို အလိုရှိလာခဲ့ပါတယ်။
Photo Credit : Football365
ဝက်စ်ဟမ်းအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဘိုဝင် ကူဒက်စ် ဆမ်းမားဗေးလ် ဖူးခရု ဒန်နီအင့်စ်တို့ ရှိနေပေမယ့် အသင်းရဲ့ အမာခံ ကစားသမား အန်တိုနီယိုက ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးနေခဲ့တာမို့ ရာသီကုန်အထိ အနားယူရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖူးခရုကလည်း အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။
ဒီအခြေအနေမှာ တိုက်စစ်ပိုင်းက အားနည်းသွားဖို့ ရှိနိုင်တာကြောင့် ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူချင်လာခဲ့တာ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက ယခင်က ယူနိုက်တက်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီ လင်ဂတ်ကို အငှားနဲ့ ခေါ်ယူခဲ့ဖူးပြီး လင်ဂတ်ကလည်း အသင်းအတွက် အကျိုးပြုနိုင်ခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ်ကိုပါ ထပ်မံ အငှားစာချုပ်နဲ့ ခေါ်ယူချင်နေပါတယ်။