အက်စတွန် ဗီလာအသင်းရဲ့ ကမ္ဘာ့ဖလားချန်ပီယံ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ နောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။ ရာသီကုန်မှာ ပရိသတ်တွေကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်ခဲ့ပြီးနောက် မာတီနက်ဇ်ရဲ့အနာဂတ်နဲ့ ပတ်သက်တဲ့ ထင်ကြေးပေးမှုတွေ ပိုမိုပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။
မူလကတော့ မာတီနက်ဇ်အနေနဲ့ ဗီလာကနေ ထွက်ခွာဖို့ အခြေအနေမရှိခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီရဲ့ အိမ်ကွင်းနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ တော့တင်ဟမ် ဟော့စပါးကို အနိုင်ရတဲ့ပွဲအပြီးမှာ ပရိသတ်တွေကို မျက်ရည်တွေနဲ့ နှုတ်ဆက်ခဲ့တာကြောင့် အသင်းကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ စတင် ထွက်ပေါ်လာခဲ့ပါတယ်။
Photo Credit : Villa News
အဲ့ဒီနောက်တစ်ပတ် အိုးထရက်ဖို့ဒ်မှာ မန်ယူနိုက်တက်နဲ့ ကစားမယ့်ပွဲဟာ ဗီလာအတွက် သူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်မှာ မဟုတ်ဘူးလို့ နည်းပြ အူနိုင်း အမ်မရီက ပြောကြားခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာပဲ မာတီနက်ဇ်ဟာ ပယ်နယ်တီဧရိယာ အပြင်ဘက်မှာ တိုက်စစ်မှူး ဟွိုင်းလန်းကို ဖျက်ထုတ်ခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီပွဲအပြီးမှာတော့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းတွေ ပိုမိုကျယ်လောင်လာခဲ့ပါတယ်။
မာတီနက်ဇ်သာ ဗီလာကနေထွက်ခွာဖြစ်ခဲ့ရင် သူ့ကိုခေါ်ယူဖို့ ယူနိုက်တက်က ရေပန်းအစားဆုံးအသင်း ဖြစ်နေပါတယ်။ သတင်းတွေအရ ယူနိုက်တက်ရဲ့ လက်ရှိဂိုးသမား အန်ဒရေ အိုနာနာဟာ အသင်းကထွက်ခွာဖွယ်မရှိသလို ဝါရင့်ဂိုးသမား တွမ်ဟီတန်ကလည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မာတီနက်ဇ်သာ အသင်းကိုရောက်လာခဲ့ရင် လက်ရှိ အရံဂိုးသမား အော်တေး ဘာယင်ဒါ ထွက်ခွာရဖွယ်ရှိနေပါတယ်။
Photo Credit : GiveMeSport
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အသက် ၃၂ နှစ်အရွယ် မာတီနက်ဇ်ဟာ ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်ထံ ကမ်းလှမ်းခဲ့ပြီး အသင်းပြောင်းဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ မာတီနက်ဇ်ဟာ ဗီလာအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် အပြောင်းအရွှေ့အတွက် ညှိနှိုင်းရာမှာ ဗီလာဘက်က အသာစီးရနေပါတယ်။ ဒါကြောင့် ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူလိုပါက ပေါင် သန်း ၄၀ အထိ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ဗီလာက တောင်းဆိုသွားမှာ ဖြစ်ပါတယ်။
ဗီလာအသင်းဟာ သူတို့ရဲ့ နံပါတ်တစ် ဂိုးသမားကို လက်လွှတ်ဖို့ ဆန္ဒမရှိပေမယ့် အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ ရောင်းချရနိုင်တဲ့ အခြေအနေတစ်ခု ရှိနေပါတယ်။ အသင်းဟာ ဘဏ္ဍာရေးဆိုင်ရာ တရားမျှတမှု စည်းမျဉ်း (Profit and Sustainability Rules – PSRs) နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေဆဲဖြစ်ရာ အသင်းရဲ့ဘဏ္ဍာရေးကို ခိုင်မာစေဖို့အတွက် မာတီနက်ဇ်ကို ရောင်းချသွားနိုင်တယ်လို့ သတင်းတွေက သုံးသပ်ဖော်ပြနေကြပါတယ်။