ဆော်ဒီလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ စူပါစတားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက အမေရိကန် မေဂျာလိဂ်ဆီ ပြောင်းရွှေ့ပြီးတော့ သူရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီနဲ့ နောက်တစ်ကြိမ် ထပ်တိုက် ယှဉ်ပြိုင်သင့်တယ်လို့ ရော်နယ်လ်ဒို အသင်းဖော်ဟောင်းကြီး ဝက်စ် ဘရောင်းက တိုက်တွန်းလိုက်ပါတယ်။
ရော်နယ်လ်ဒိုက မန်ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးတဲ့နောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဆီ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ခဲ့သလို သိပ်မကြာခင်မှာပဲ ပီအက်စ်ဂျီနဲ့ စာချုပ်ကုန်ဆုံးခဲ့တဲ့ မက်ဆီဟာလည်း မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီအသင်းဆီ ပြောင်းရွှေ့လာခဲ့ရင်း GOAT နှစ်ဦးလုံးက ဥရောပပြင်ပကို ရောက်ရှိသွားခဲ့ပါတယ်။
Photo Credit : Goal
GOAT ကြီး နှစ်ဦးလုံးက သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာ ခြေစွမ်းတွေ ဆက်လက် ပြသနေရင်း ဂိုးတွေလည်း သွင်းယူနေကြသလို ဒီအသင်းတွေအတွက် အရေးအပါဆုံး ကစားသမားတွေအဖြစ်ပါ ရပ်တည်လျက် ရှိနေကြပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုက အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့က နီးကပ်လာခဲ့ပြီဖြစ်ပြီး သူ့အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း လှုပ်ခတ်လျက် ရှိလာခဲ့ပါတယ်။
ဒီအခြေအနေမှာ ဝက်စ် ဘရောင်းက “ခရစ္စတီယာနို ရော်နယ်လ်ဒိုက အမေရိကဆီကို သွားသင့်ပါတယ်။ အထူးသဖြင့်တော့ လီယွန်နယ် မက်ဆီလည်း အဲ့ဒီနေရာမှာ ရှိနေတာကြောင့်ပါပဲ။ ရော်နယ်လ်ဒို ကစားတာကို ကျွန်တော် အကြိမ်အနည်းငယ် ကြည့်ဖူးပြီးတော့ သူက ဂိုးတွေလည်း သွင်းနေပြီးတော့ အသက်(၄၀)အရွယ်နဲ့လည်း အံ့ဝင်ခွင်ကျ ဖြစ်နေပါတယ်။”
Photo Credit : Intel Region
“သူက သူတက်စွမ်းသရွေ့ ကစားသွားချင်နေပြီးတော့ သူကစားချင်တဲ့ နေရာကိုလည်း ရွေးချယ်နိုင်သူပါ။ ကစားသမားဘဝကိုလည်း မကြာခင်မှာပဲ စွန့်လွတ်သွားဦးမှာ မဟုတ်သလို စံချိန်မှတ်တမ်းတွေကိုသာ ဆက်တိုက် ချိုးနေဦးမှာပါ။ သူက အခုဆိုရင် နေရာအနည်းငယ်ကိုလည်း ရောက်ဖူးပြီးပြီမို့ သူ သွားရမယ့် စာရင်းထဲမှာ အမေရိကကို ထည့်သွင်းထားတာ မြင်ချင်ပါတယ်။”
“သူက အခုလည်း မက်ဆီထက် ဂိုးတွေ ပိုမို သွင်းယူနေသလို သူတို့ နှစ်ဦးကိုလည်း နောက်တစ်ကြိမ် ထိပ်တိုက် ရင်ဆိုင်ရတာမျိုး ပြန်လည် မြင်တွေ့သွားချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ရော်နယ်လ်ဒိုက အယ်လ်နာဆာနဲ့အတူ လက်ကျန် ရာသီဝက်ကို ဖြတ်သန်းသွားရတော့မှာဖြစ်ပြီး မက်ဆီကတော့ မိုင်ယာမီနဲ့ ရာသီကြို ခြေစမ်းပွဲတွေကို ကစားသွားရပါတော့မယ်။