ဘာစီလိုနာအသင်းဟာ ဗုဒ္ဓဟူးနေ့က နောက်ထပ် ထူးချွန်တဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဒေါ့မွန်အသင်းကို (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာကြောင့် ဆီမီးဖိုင်နယ်အဆင့်ဆီ တက်လှမ်းနိုင်ဖို့က အတော်လေးကို အခြေအနေကောင်းသွားခဲ့ရပါတယ်။
ကာတာလန်အသင်းဟာ ပြိုင်ဘက်အတွက် အင်အားကြီးလွန်းခဲ့ပြီး ရာဖင်ညာ လီဝန်ဒေါ့စကီးနဲ့ လာမင်း ယာမားလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ရခဲ့သလို နောက်အပတ် အင်္ဂါနေ့မှာ ဒေါ့မွန်မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် အရေးပါတဲ့ အသာစီးကိုပါ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုရလဒ်ကောင်းရရှိခဲ့ပေမယ့်လည်း နည်းပြဟန်စီ ဖလစ်ခ်ကတော့ အခုလို ရလဒ်မျိုး ရထားသည့်တိုင် ဒုကျော့ ကစားဖို့ ရှိနေသေးလို့ ယတိပြတ် ပြောမရသေးဘူးလို့ ဆိုလာပါတယ်။
Photo Credit : Sky Sports
“ရလဒ်ရော ခြေစွမ်းပါ အရေးကြီးပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး အဲဒီလိုကစားရင် ဂိုးတွေရမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခု ကွာတားဖိုင်နယ်အဆင့်ကို မကျော်ဖြတ်နိုင်သေးပါဘူး။ ဘာဖြစ်လာမလဲ ဘယ်သူမှ မသိပါဘူး၊ ဘောလုံးဆိုတာ ရူးသွပ်တဲ့ အားကစားတစ်ခုပါ။ ဒီနေ့လိုပဲ ကျွန်တော်တို့ ကစားရပါမယ်။ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို လုပ်ဆောင်ရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။
ဘာစီလိုနာရဲ့ တိုက်စစ်သုံးဦးဟာ ဒေါ့မွန်နဲ့ပွဲမှာ တောက်ပတဲ့ ခြေစွမ်းကို ပြသခဲ့ပြီး သူတို့အားလုံး ဂိုးသွင်းနိုင်ခဲ့သလို ရာဖင်ညာကလည်း ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။ ဖလစ်ခ်က သူတို့ရဲ့ ခြေစွမ်းကို အလွန်ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။ “သူတို့က အရမ်းအရေးကြီးပါတယ်။ နောက်ပြီး ခံစစ်ကိုကြည့်ရင်လည်း လူစားဝင်လာတဲ့သူတွေရဲ့ လွှမ်းမိုးမှုကို တွေ့ရမှာပါ။ ပွဲတွေအများကြီး ကစားရတဲ့အတွက် ဒါက အရေးကြီးပါတယ်” လို့ ဖလစ်ခ်က ပြောခဲ့ပါတယ်။
Photo Credit : Marca
လာမင်း ယာမားလ်ကို ပွဲပြီးဆုံးခါနီးလောက်မှာ အန်ဆူ ဖာတီနဲ့ လူစားလဲခဲ့ပြီး ဖာတီကလည်းဘာစီလိုနာအတွက် ရှားရှားပါးပါး ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ လူစားလဲပြီးနောက် ယာမားလ် အခက်အခဲတွေ့နေပုံရပေမယ့် ဖလစ်ခ်ကတော့ အသက်(၁၇)နှစ်အရွယ် ကစားသမားကို ဒဏ်ရာပြဿနာကြောင့် လူစားလဲခဲ့တာမဟုတ်ကြောင်း အလျင်အမြန် အတည်ပြုခဲ့ပါတယ်။
“သူ အချိန်အတော်ကြာ ကစားထားတာကို ကျွန်တော်မြင်တယ်။ အန်ဆူအတွက်လည်း သူ ပွဲကစားချိန်ရဖို့ အရေးကြီးပါတယ်” လို့ ဖလစ်ခ်က ရှင်းပြခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်တစ်ပတ် ဒေါ့မွန်နဲ့ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကို ရှိနေပေမယ့် ဒီပွဲမတိုင်ခင်မှာတော့ လီဂါနက်စ်နဲ့ လာလီဂါပွဲစဉ်အတွက်ကိုသာ အပြည့်အဝ အာရုံစိုက်ထားနိုင်ပါတယ်။