ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင်နည်းပြ ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင် ဆောင်ရွက်နေတဲ့ အာစင်ဝင်းဂါးကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ အခွင့်အရေး ရတုန်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်အောင် ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ တောက်လျှောက်ဆိုသလို ရလဒ်ကောင်းတွေ ရယူထားနိုင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အပြီးမှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်သလို ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးထက် တပွဲလျော့ ကစားထားပြီး ရမှတ် ၃မှတ် အသာစီး ရနေပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ ရေပန်းစားနေပေမယ့် အာဆင်နယ်ဟာ အရေးကြီးတဲ့ ပွဲစဉ်တွေ ရောက်ရင် ခြေချော်လေ့ ရှိတာကြောင့် အာဆင်နယ်က ဒီတကြိမ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ပါ့မလား ဆိုတဲ့ သံသယဝင်မှုတွေလည်း ရှိနေပါတယ်။

အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ရထားတဲ့ အခွင့်အရေးကောင်း တခုကို လက်လွှတ်မခံသင့်ကြောင်းနဲ့ အာဆင်နယ် အတွက် အခုချိန်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ အကောင်းဆုံးအချိန် ဖြစ်တာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်အောင် ကြိုးစားဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Goal

အာစင်ဝင်းဂါးက – “လာမယ့်ရာသီမှာ အာဆင်နယ်က ဒီရာသီလောက် အထိ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ နီးစပ်မယ် မထင်ဘူး ဆိုတဲ့ အချက်ကို ကျွန်တော်လည်း သဘောတူပါတယ်။ ဒါကြောင့် အာဆင်နယ်က ရထားတဲ့ အခွင့်အရေးကို လက်လွှတ်ခံလို့ မရပါဘူး။ အာဆင်နယ်က ၂၁ပွဲ အပြီးမှာ ရမှတ် ၅၁မှတ် အထိ စုဆောင်းနိုင်ခဲ့ပြီး အဲ့ဒါက အတော်လေး အထင်ကြီးစရာ ကောင်းတဲ့ မှတ်တမ်း တခုပါ။ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ပုံမှန် ခြိမ်းခြောက်နေကြ အသင်းတွေက ချန်ပီယံလုပွဲထဲမှာ မရှိတော့ပါဘူး။ ဒါကြောင့် အာဆင်နယ်ရဲ့ ပြိုင်ဘက် မန်ချက်စတာ စီးတီး တသင်းထဲပဲ ရှိပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးကလည်း ပြီးခဲ့တဲ့နှစ်တွေလို လိဂ်ကို မစိုးမိုးထားနိုင်ပါဘူး။ ကျွန်တော်ကတော့ ရာသီအစထဲက မန်ချက်စတာ စီးတီးရဲ့ ခံစစ်ကြောင်းဟာ အတော်လေး ယိုယွင်းနေတယ်လို့ ခံစားရပါတယ်” ဆိုပြီး သူ့ရဲ့ အသင်းဟောင်းကို တိုက်တွန်း အားပေးသွားခဲ့တာပါ။