ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင်နည်းပြ ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရံဖန်ရံခါ လုပ်ကိုင်နေတဲ့ အာစင်ဝင်းဂါးက သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံ ဖြစ်နိုင်တယ်လို့ သုံးသပ်စကား ပြောကြားလာခဲ့ပါတယ်။

အသက် ၇၄နှစ် အရွယ် ပြင်သစ်ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးက ၁၉၉၆ခုနှစ် ကနေ ၂၀၁၈ခုနှစ် အထိ အာဆင်နယ်ကို ဆယ်စုနှစ် ၂စုကျော်ကြာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက အာဆင်နယ်အတွက် အမ်းမရိတ်ကွင်းကို တည်ဆောက်ပေးခဲ့သလို ပရီးမီးယားလိဂ်ဖလား ၃ကြိမ် ၊ အက်ဖ်အေဖလား ၇ကြိမ် ၊ ကွန်မြူနတီဒိုင်း ၇ကြိမ် စုစုပေါင်း ဆုဖလား ၁၇လုံး အထိ ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football London

လက်ရှိမှာတော့ အာဆင်နယ်ကို အာစင်ဝင်းဂါးရဲ့ တပည့်ဟောင်း တဦး ဖြစ်သူ အာတီတာက ဦးဆောင်နေပြီး အာတီတာရဲ့ လက်ထက်မှာ အာဆင်နယ်က ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းအဖြစ် တိုးတက် ပြောင်းလဲလာခဲ့ပေမယ့် အခုချိန်အထိ ပရီးမီးယားလိဂ်ဖလားနဲ့ ဥရောပဖလားတွေကို ရယူနိုင်ခြင်း မရှိသေးပါဘူး။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း အာဆင်နယ်က ပထမအကျော့မှာ ဘိုင်ယန်မြူးနစ်ကို ၂ဂိုးစီ သရေရလဒ် ရအောင် ကစားနိုင်ခဲ့ပေမယ့် ဒုတိယအကျော့မှာတော့ အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံပြေးလမ်းကြောင်းထဲမှာ ရှိနေပါသေးတယ်။

Photo Credit: Sky Sports

အာစင်ဝင်းဂါးကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခဲ့ရပေမယ့် သူ့အသင်းဟောင်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်နိုင်သေးတယ်လို့ ဆိုလာပါတယ်။

အာစင်ဝင်းဂါးက – “အာဆင်နယ်က ချန်ပီယံဆု အတွက် အခွင့်အရေး ရှိနေဆဲပါပဲ။ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၇ပွဲသာ လိုပြီး အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အာဆင်နယ်က အခွင့်အရေး ယူခဲ့သင့်တာ မှန်ပါတယ်။ (အာဆင်နယ် ၀-၂ ဗီလာပွဲကို ရည်ရွယ်ပြီး ပြောတာပါ) ပြီးခဲ့တဲ့ တပတ်က လူအတော်များများကို အံ့အားသင့်စေခဲ့တယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်။ စီးတီး တသင်းထဲကပဲ ရလဒ်ကောင်းခဲ့ပြီး ကျန်နှစ်သင်းက (လီဗာပူးနဲ့ အာဆင်နယ်) ရလဒ် မကောင်းခဲ့ပါဘူး။ အဲ့ဒါက အံ့ဩဖို့ ကောင်းပါတယ်။ ဒါပေမယ့် အာဆင်နယ်မှာ ဂိုးကွာခြားချက် အားသာချက် ရှိနေပါသေးတယ်။ ဒါကြောင့် စီးတီးကသာ သရေပွဲ တပွဲ ကြုံပြီး ကျွန်တော်တို့က နိုင်ပွဲတွေ ဆက်ယူနိုင်မယ် ဆိုရင် ဂိုးကွာခြားချက်အသာနဲ့ စီးတီးရဲ့ အပေါ်ကို ရောက်သွားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။