ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးက သူ့ရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆယ်စုနှစ် ၂စုနီးပါး ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၁၈) အပြီးမှာ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားသလို ဒုတိယနေရာမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးကိုလည်း ရမှတ် ၇မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

Photo Credit: Football London

အာဆင်နယ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၈)မှာလည်း ကစားရခက်တဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၂-၄ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ကာ အဆိုပါပွဲမှာ အာဆင်နယ် အတွက် သွင်းဂိုးတွေကို အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ အိုဒီဂတ် ၊ အန်ခီးတီးယားနဲ့ မာတီနယ်လီတို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ် ကစားသမားတွေရဲ့ စိတ်ဓာတ်ပြင်းပျမှုနဲ့ နိုင်ပွဲဆက်မှုကို ဆက်လက် ထိန်းထားချင်တဲ့ စိတ်ဓာတ်တွေကို မြင်တွေ့ခဲ့ရပြီး အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ အာဆင်နယ်ဟာ အခုချိန်မှာ စိတ်ဓာတ်ရော ၊ ကစားပုံပိုင်းပါ ပြီးပြည့်စုံနေတဲ့ အသင်း ဖြစ်နေတာကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်စွမ်း ရှိနေပြီလို့ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Football London

အာစင်ဝင်းဂါးက – “အာဆင်နယ်က ရာသီနှောင်းပိုင်း ရောက်လာလေ ၊ ပိုပြီးတော့ ကောင်းလာလေပါပဲ။ သူတို့ရဲ့ ကစားပုံကလည်း အရမ်းကို တည်ငြိမ်နေပါတယ်။ ကျွန်တော်ကတော့ အာဆင်နယ်ဟာ ချန်ပီယံဆုကို ရယူနိုင်ဖို့ အတွက် လိုအပ်တဲ့ စိတ်ဓာတ်ပိုင်းရော ၊ ကစားပုံကိုပါ ပိုင်ဆိုင်ထားပြီလို့ မြင်ပါတယ်။ သူတို့က ရှိသမျှ အကုန် ထုတ်ပြီး ကြိုးစား ကစားဖို့ပဲ လိုအပ်ပါတော့တယ်။ ခင်ဗျားတို့လည်း အာဆင်နယ်က ပွဲတိုင်းမှာ ဂိုးသွင်းခွင့်တွေ အများကြီး ဖန်တီးနိုင်နေတာကို မြင်ကြမှာပါ။ ကျွန်တော်ကတော့ အာဆင်နယ်မှာ အားနည်းချက် မရှိတော့ဘူးလို့ပဲ ထင်ပါတယ်” ဆိုပြီး သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။